၁၁ နိုဝင်ဘာ
ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံဖြစ်တဲ့ ဗန်နဝါတူမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ပထမဆုံးတစ်ဦး ရှိလာကြောင်း ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အမေရိကန်နိုင်ငံကနေ အင်္ဂါနေ့က ပြန်လည်ရောက်ရှိရာ သီးသန့်ခွဲခြားထားကြောင်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးမှာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် မကောင်းတဲ့အတွက် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှု စတင်ချိန် မတ်လကစပြီး နိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်ထားပြီး နိုင်ငံကို သီးသန့် ခွဲခြားနေထိုင်စေခဲ့ပါတယ်။
နိုင်ငံခြားမှာ သောင်တင်နေတဲ့ ဗန်နဝါတူ နိုင်ငံသားတွေ ပြန်လည်လက်ခံရေးကိုလည်း တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့သာ လက်ခဲ့ပါတယ်။
ဗိုင်းရပ်ပ်စ်ပိုး ကူးစက်ခံရသူ ဗန်နဝါ နိုင်ငံသားဟာ အမေရိကန်နိုင်ငံကနေ ဆစ်ဒနီနဲ့ အော့ကလန်းမြို့တွေမှာ ကြားခံပြီး ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာလည်း တခြားခရီးသည်တွေနဲ့ အတူ မရှိစေဘဲ သီးသန့် ခွဲခြားနေထိုင်ခဲ့စေကြောင်း သိရပါတယ်။
ဗန်နဝါတူမှာ လူစုလူဝေးခွင့် မရှိသလို ကျောင်းတွေကို ပိတ်ထားဆဲဖြစ်ပါတယ်။ အလုပ်တွေကိုလည်း အိမ်ကနေလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ နိုင်ငံကို ပြန်လည်ရောက်ရှိလာသူတွေကို ၂၈ ရက် သီးသန့်နေထိုင်စေပြီး ဗန်နဝါနိုင်ငံကို လာရောက်မယ့်သူတိုင်း လေယာဉ်ပေါ်မတက်မီ ၇၂ နာရီအတွင်း ဗိုင်းရပ်စ်ပိုးစစ်ပြီး ထောက်ခံစာရရှိမှာ ဖြစ်ပါတယ်။
ဆော်လမွန်နဲ့ မာရှဲ ကျွန်းတွေအတွင်းရှိ ကျွန်းနိုင်ငံတွေဟာ ဗိုင်းရပ်စ်ရောဂါပိုး ကင်းစင်တဲ့ နေရာတွေ ဖြစ်ပေမယ့် အဲဒီထဲက ဗန်နဝါတူ ကျွန်းနိုင်ငံဟာ ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ နေရာဖြစ်လာတာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP