ရန်ကုန် ဩဂုတ် ၁၇
ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာကြသူများကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ ယခု ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာကြသူများသည် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာ ၎င်းတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ ထိုကဲ့သို့ အလင်းဝင်ရောက်လာသူများကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ယနေ့ အလင်းဝင်ရောက်လာသူ (၈)ဦးအပါအဝင် စုစုပေါင်း (၈၀)ဦး ရှိပြီဖြစ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာပြီး နောက်ပိုင်းကာလတွင် နိုင်ငံအကျိုးပြုသူများအဖြစ် ကောင်းမွန်စွာ နေထိုင်ကြရန် ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ (၈)ဦးကို ဂုဏ်ပြုလက်ဆောင်များပေးအပ်၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံပေးသည်။
ယင်းနောက် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက် လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)