နောင်တရား    ၁၆       နိုဝင်ဘာ

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြင်းတွင်းကျေးရွာအုပ်စု၊ ပက်တလယ် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နိုဝင်လာလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်အတွက် ပဒေသာပင်လှည့်လည်ပို့ ဆောင်ခြင်းကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပင်လောင်းမြို့ အတုလမာန်အောင် မွေတော်ဆုတောင်းပြည့် ဘုရားကြီးကျောင်းမှထွက်ခွာလာပြီး ပက်တလယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ လှည့်လည် ပို့ဆောင်သည်။

 

နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ မီးတောက်ကျေးရွာ လူပျိုအပျိုများက ပဒေသာပင် လှည့်လည်ပို့ဆောင်သည့် အလှူရှင်များကို ဖျော်ရည်နှင့် သောက်ရေသန့်ဗူးများဖြင့် ဧည့်ခံတိုက်ကျွေးသည်။ အဆိုပါ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတွင်  နောင်တရားမြို့ပေါ်ရပ်ကွက်နှင့် ဌာနဆိုင်ရာများမှ ပဒေသာပင် ရှစ်ပင် ပါဝင်လှူဒါန်းကြောင်း သိရသည်။

 

ပထမအကြိမ် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတွင် ပင်လောင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၈၇)ကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးများအား ပဒေသာပင်များ မဲဖောက်ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီးများမှ ကထိန်အကျိုးတရားတော်များ ဟောကြားပေးတော်မှူခြင်းနှင့် ရေစက်သွန်းချအမျှဝေမည့် အစီအစဉ်များဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။ ပထမအကြိမ် မြို့နယ်လုံကျွတ် စုပေါင်းမဟာ ဘုံကထိန်ပွဲတွင် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အလှူရှင်များက စုပေါင်း၍ ပဒေသာပင်ပေါင်း (၂၀၂)ပင် ပါဝင်လှူဒါန်းကြောင်း သိရသည်။

 

ခွန်အောင် (နောင်တရား)