နေပြည်တော် အောက်တိုဘာ ၃၁
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသောCRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား အားပေးကူညီလျက်ရှိသော လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍ ပြည်တွင်း/ ပြည်ပမှ အစွန်းရောက် အကြမ်းဖက်ထောက်ခံသူများထံမှ ငွေကြေးများ ကောက်ခံကာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို အကြမ်းဖက်အဖွဲ့များထံသို့ နည်းမျိုးစုံသုံး၍ ပေးပို့လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသော တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးတိုင်ကြားမှုကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ပုလဲ - ဂန့်ဂေါသွား ကားလမ်းဆုံ၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့ဝင်များထံထောက်ပံ့မည့် တရားမဝင် ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်ဆောင်၍ ယာဉ်မောင်း ကျော်လွင်ထက် (ခ) သားသား မောင်းနှင်ပြီး ယာဉ်နောက်လိုက် ခွာကျဲအို လိုက်ပါလာသည့် ခြောက်ဘီးယာဉ်ပေါ်မှ မေ့ဆေးစက် တစ်လုံး၊ ဆေးပစ္စည်းမျိုးစုံ ကတ်ထူဂျပ်ဖာ ၂၅ ဖာ၊ လျှပ်စစ် ပစ္စည်းဂျပ်ဖာ ၁၄ ဖာ၊ အဝတ် အထည်အိတ် ၂၀ ၊ အခြား လူ သုံးကုန်ပစ္စည်း မျိုးစုံ ၃၇ ဖာ (စုစုပေါင်း ကာလတန်ဖိုး ၄၈ သိန်းခန့်)တို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရ မိတရားခံများ၏ ထွက်ဆိုချက်အရ PDF အကြမ်းဖက်အဖွဲ့များထံသို့ ပို့ဆောင်မည့် ဆေးပစ္စည်းများကို အောင်မြေသာစံမြို့နယ် ရွှေမေတ္တာကားဂိတ်တွင် သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်အဖွဲ့များထံ ထောက်ပံ့ပေးမည့် ပစ္စည်းများ လက်ခံထားရှိသည့် ညီညီလှိုင် (ဂိတ်စာရေး)၊ စိုးဝင်းထွန်း (ဂိတ်မှူး)၊ ဝေလင်းဦး(ယာဉ်မောင်း)တို့ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် ဆေးပစ္စည်းမျိုးစုံ ၈၆ ဖာ ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
အလားတူ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ အောက်တိုဘာ ၂၉ ရက် ညပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီး ထီးလင်း PDF အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့ပေးနေသူ ဇင်မာဝင်း (ခ) သူဇာ (မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီး၊ CDM - သူနာပြု) အား ချမ်းမြသာစည် မြို့နယ်ပတ်ကုန်းဝန်းကျင် ရပ်ကွက်ရှိ “နန်းတော်” ပုဂ္ဂလိကဆေးရုံအနီး၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ အကြမ်းဖက်အဖွဲ့များထံ ဆေးဝါး ထောက်ပံ့မှုများ ပြုလုပ်နေသော ဆက်စပ်တရားခံများ တိမ်းရှောင်နေထိုင်လျက်ရှိသည့် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် အမှတ် (၁၃) နေအိမ်ကို လုံခြုံရေး ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ ပိုးသန္တာအောင် (မန္တလေးဗဟိုအမျိုးသမီးဆေးရုံမှ CDM – သားဖွားဆရာမ)၊ မင်းဇော်ဦး (ခ) နေမျိုးဦး၊ (မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနမှ ကထိက/ CDM ဆရာဝန်)၊ ကြည်သဒ္ဒါဖြူ၊ ယွန်းနန္ဒာထွန်း (ခုတင်- ၃၀၀ သင်ကြားရေး ဆေးရုံ၊ CDM - သူနာပြု)တို့ လေးဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
အထက်ပါ ဖြစ်စဉ်တွင် တရားခံ ကျား လေးဦး၊ မ လေးဦး ပေါင်း ရှစ်ဦးတို့ကို ဖမ်းဆီးရမိ ခဲ့ပြီး မေ့ဆေးစက် တစ်လုံး၊ ဆေးပစ္စည်းမျိုးစုံ ကတ်ထူဖာ ၁၁၁ ဖာ၊ လျှပ်စစ်ပစ္စည်းဖာ ၁၄ ဖာ၊ အဝတ် အထည်အိတ် ၂၀ ၊ အခြားလူသုံး ကုန်ပစ္စည်းမျိုးစုံ ၃၇ ဖာ တို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ မင်းဇော်ဦး (ခ) နေမျိုးဦး၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ ၄ ရက်တွင် မန္တလေးဆေး တက္ကသိုလ်၊ ကထိက(ခွဲစိတ်)ရာထူးမှ CDM ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ (ဒုတိယပတ်) တွင် ဖမ်းဆီးရန်ကျန်တရားခံ ခိုင်မာလာ နှင်းဆီ (မန္တလေးမြို့၊ စည်ပင်သာယာရေးဦးစီးဌာနမှ CDM-အင်ဂျင်နီယာ)၏ စည်းရုံးမှုဖြင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ အကြမ်းဖက်အဖွဲ့ဝင်များကို တရားမဝင် ဆေးကုသရန် နှင့် ထောက်ပံ့မှုများ ပြုလုပ်ရန် ပိုးသန္တာအောင်၊ ယွန်းနန္ဒာထွန်း၊ ကြည်သဒ္ဒါဖြူ၊ ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သော ထက်ကို၊ အောင်နိုင်ဦး၊ ဇင်ကိုမောင်တို့နှင့်အတူ မန္တလေးမြို့မှ မင်းတပ်မြို့နယ်သို့ ထွက်ခွာခဲ့ပြီး မင်းတပ်မြို့နယ် ဝမ္မသူးတိုက်နယ်ဆေးရုံ၌ အခြေပြုကာ CDF (မင်းတပ်) အကြမ်းဖက်အဖွဲ့များအား တရားမဝင် ဆေးဝါးကုသပေးခြင်းနှင့် ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လ (တတိယပတ်) တွင် မင်းဇော်ဦး (ခ) နေမျိုးဦး၊ ပိုးသန္တာအောင် နှင့် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သော ခိုင်မာလာနှင်းဆီ၊ ထက်ကို၊ အောင်နိုင်ဦးတို့ ငါးဦးသည် ကယားပြည်နယ် ဒီမော့ဆို မြို့နယ် ဖလိုင်ကျေးရွာသို့ သွားရောက်၍ ပတ်ဝန်းကျင် ကျေးရွာများရှိ PDF အကြမ်းဖက်အဖွဲ့ဝင်များကို တရားမဝင် ဆေးဝါးကုသခြင်းနှင့် ထောက်ပံ့ ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံ ပိုးသန္တာအောင်၏ ထွက်ဆိုချက်အရ ဂန့်ဂေါကျန်းမာရေးဌာနမှ CDM ပြုလုပ်ထားသည့် ဖမ်းဆီးရန် ကျန်တရားခံများ ဖြစ်သော ယုနန္ဒာမြင့်၊ ဝင်းဟေမာအေး တို့ နှင့်အတူ ၂၀၂၂ ခုနှစ် စက်တင်ဘာ လတွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဂန့်ဂေါ PDFအဖွဲ့ဝင် ဝေလေး (ခ) ညီညီနှင့် ကျော်ကိုကိုတို့ အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ ဟေလယ်ကျေးရွာ၊ အိမ်သစ်ကျေးရွာ၊ လီလင်းကျေးရွာ၊ ပန်ထိပ်ကျေးရွာများတွင် ဖွင့်လှစ် သည့် PDF အကြမ်းဖက်ဖောက်ခွဲ ရေးသင်တန်းများ၌ ဆေးဝါး ကုသမှုဆိုင်ရာ သင်တန်းပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံ မင်းဇော်ဦး(ခ)နေမျိုးဦးသည် မင်းတပ် မြို့နယ်အတွင်းရှိ PDF အကြမ်း ဖက်အဖွဲ့များကို ဆေးဝါးနှင့် ရိက္ခာများ ထောက်ပံ့ပေးနိုင်ရေး အကြောင်းပြချက်ဖြင့် အလှူငွေ များ ကောက်ခံခဲ့ရာ CDM ဆရာဝန်များဖြစ်သော ဒေါက်တာ မောင်မောင်ငြိမ်းထွန်း (ကွယ်လွန်)၊ ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သော ဒေါက်တာ မိုးသီတာလင်း (နား၊ နှာခေါင်း ဆေးရုံကြီး-မန္တလေး)၊ ဒေါက်တာ စန်းကြူကြူအေး (ကထိက၊ မန္တလေးဆေး တက္ကသိုလ်)၊ ဒေါက်တာ သော်ဇင်မျိုး (မန္တလေးပြည်သူ့ဆေးရုံ)၊ ဒေါက်တာ အိနန္ဒာခင် (ဗဟို အမျိုးသမီးဆေးရုံ)၊ ဒေါက်တာ ခင်မာလာဝင်း (CDM- ခွဲစိတ် အထူးကု၊ မန္တလေးဆေးရုံ)၊ ဒေါက်တာ စိုခွီရှိန်း၊ ဒေါက်တာ သိန်းနိုင်၊ ဒေါက်တာ နေလင်းဖြိုး၊ ဒေါက်တာ တောက်ထိန်၊ ဒေါက်တာ စီစီမြင့်၊ ဒေါက်တာ ကိုကိုခိုင်၊ ထွန်းအောင် တို့သည် NUG အမည်ခံအကြမ်းဖက် အဖွဲ့ဝင် ဇော်ဝေစိုးမှ ထည့်ဝင်ငွေ၊ ပြည်ပရောက်အလှူရှင်များထံမှ လှူဒါန်းငွေများ အပါအဝင် စုစုပေါင်း ငွေကျပ်သိန်း ၂၉၀၀ ခန့်ကို ရရှိခဲ့ပြီး ယင်းငွေကြေးများကို ပိုးသန္တာအောင်၏ ဘဏ်အကောင့်နှင့် Kpay အကောင့်များ မှတစ်ဆင့် လက်ခံမှုများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါရရှိငွေကြေးများဖြင့် ပိုးသန္တာအောင်နှင့် ဇင်မာဝင်း (ခ) သူဇာ တို့သည် တရားမဝင် ဆေးဝါးများ ဝယ်ယူ၍ PDF အကြမ်းဖက် အဖွဲ့များအား ထောက်ပံ့ပေးခြင်း၊ ကိုယ်ရေးကိုယ်တာကိစ္စများတွင် အသုံးပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံ ပိုးသန္တာအောင်သည် ဆေးဝါးများအား ချမ်းမြသာစည်မြို့နယ်ရှိ သက်ဝေစိုးဆေးဆိုင်၊ ဈေးချိုရှိဦးလှတင့်ဆေးဆိုင်၊ ချမ်းအေးသာဇံမြို့နယ်ရှိ ဦးဟန်တင်ဆေး ဆိုင်၊ စုမြတ်ဆေးဆိုင်၊ Power ဆေးဆိုင်တို့မှ ဝယ်ယူ၍ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဇင်ကိုမောင်နှင့် ဂန့်ဂေါမြို့နယ်ရှိ ဇာနည်မောင်တို့ထံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းမှတစ်ဆင့် ပခုက္ကူမြို့ရှိ PDF အကြမ်းဖက်အဖွဲ့များထံသို့ လေးကြိမ်ခွဲ၍ ထောက်ပံ့ပေးခဲ့ကြောင်း၊ ထို့အပြင် ရွှေဇီဝဆေးဆိုင်နှင့် ကွန်ကောဒီးယား ဆေးရုံသုံးပစ္စည်း အရောင်းဆိုင်များမှ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် မေ့ဆေးစက်တို့ကို ဝယ်ယူ၍ PDF အကြမ်းဖက်အဖွဲ့များထံ ထောက်ပံ့နိုင်ရေးအတွက် ရွှေမေတ္တာကားဂိတ်မှ တစ်ဆင့်ပို့ဆောင်မှုများ ရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက် နေသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ကြောင်း၊ သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်