နေပြည်တော်၊ နိုဝင်ဘာ  ၉

 

PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှုမရှိသည့် မြို့နယ်များအတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့် အပြစ်မဲ့အရပ်သား ပြည်သူများသွားလာရာ လမ်းတံတားများ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများသို့ လက်နက်ကြီး၊ Drop Bomp များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ  လုပ်ဆောင်လျက်ရှိသည်။

 

ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာရှိ ဦးစိုးပိုင်၏ နေအိမ်၌ နိုဝင်ဘာ ၈ ရက်တွင် မင်္ဂလာဆောင်ပွဲပြုလုပ်နေစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏ မြောက်ဘက်မှနေ၍ Drone များ အသုံးပြုကာ  Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ  ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် မင်္ဂလာဆောင်သို့ ရောက်နေသည့် အပြစ်မဲ့ ဒေသခံပြည်သူ အမျိုးသားတစ်ဦး သေဆုံးပြီး အသက် ၁၀ လ အရွယ် ကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်း ၁၆ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ရွှေဘိုမြို့နယ် သီးလုံးကျေးရွာရှိ မင်းကြီးဘုန်းတော်ကြီး ကျောင်းတိုက်၌ နံနက် ၁၀ နာရီခန့်တွင် ဆွမ်းကျွေးပြုလုပ်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက  Drone များအသုံးပြု၍   Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဆွမ်းကျွေးအလှူပွဲသို့ ရောက်ရှိနေသည့် သံဃာတော် တစ်ပါးနှင့် အမျိုးသမီးတစ်ဦးတို့ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးနှင့် နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။          

 

သတင်းစဉ်

 

mdn