နေပြည်တော် ဒီဇင်ဘာ ၂၉
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၊ ဒေါင့်ကြီးကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သူများ၏ ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့် တို့၏ ငွေကြေးနှင့် လက်ဝတ်ရတနာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေပေးခဲ့ပြီး မိသားစုဝင်များထံ ပြန်လည်အပ်နှံသည့် အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၄)၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးချုပ်မျိုးမင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပြန်လည်ရှာဖွေရရှိခဲ့သည့် သေဆုံးသူများ၏ငွေကြေးနှင့် လက်ဝတ်ရတနာများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးချုပ်မျိုးမင်းနှင့် ရဲဗိုလ်ချုပ် အောင်အောင်တို့က သေဆုံးသူများ၏ သားနှင့်တူဖြစ်သူ ဦးကိုကိုမောင်နှင့် မိသားစုဝင်များထံ ပြန်လည်အပ်နှံ့ခဲ့ပြီးနောက် ဦးကိုကိုမောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယခုကျင်းပပြုလုပ်သည့်အခမ်းအနားတွင် ရွှေထည်ပစ္စည်းအမျိုးအစား ၂၀ မျိူး၊ ငွေသားကျပ် ၂၁၁၃၈၀၀ ၊ အငြိမ်းစားလစာစာအုပ် (မူရင်း) တစ်အုပ်၊ နိုင်ငံသား စိစစ်ရေးကတ် (မူရင်း) တဟ်ခုနှင့် အိမ်ထောင်စုလူဉီးရေစာရင်း(မူရင်း) တစ်ရွက်တို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သူများက စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာနေ ဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့်တို့အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် လုပ်ကြံသတ်ဖြတ်ခဲ့၍ နေအိမ်အား မီးရှို့ဖျက်ဆီးသွားခဲ့သည်။ ထို့သို့သတ်ဖြတ်မီးရှို့ခံရချိန်တွင် သေဆုံးသူ မိသားစုများက ပိုင်ဆိုင်ပြီး လုံခြုံစွာ သိမ်းဆည်းထားသည့် ငွေကြေးနှင့် လက်ဝတ်ရတနာများ နေအိမ်ပတ်ဝန်းကျင်၌ ကျန်ရှိနေသေးသဖြင့် ပြန်လည်ရှာဖွေပေးရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ကျန်ရှိမိသားစုဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် အကူအညီတောင်းခံခဲ့မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေအိမ်သို့ အားခြင်းသွားရောက် ရှာဖွေပေးခဲ့ရာ လက်ဝတ်ရတနာများနှင့်ငွေသား လက်ကျန်များကို ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ယနေ့တွင် ၎င်းတို့၏ မိသားစုဝင်များထံ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း အကြမ်းဖက်သမားများ၊ အကြမ်းဖက် လက်နက်/ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ပတ်သက်၍ လုံခြုံရေးအရ နေ့၊ ည အချိန်အခါမရွေး လိုအပ်ချက်အရ နေအိမ်များအတွင်း ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ရလေ့ရှိသော်လည်း အကြမ်းဖက်အုပ်စုနှင့် ဆက်စပ်လက်နက်/ ခဲယမ်း၊ မိုင်းများကိုသာ ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး မသက်ဆိုင်သည့် ပြည်သူလူထု၏ ပိုင်ဆိုင်မှုများအား လုံးဝထိပါး ပျက်စီးစေခြင်းမပြုရန်နှင့် လိုအပ်သည့် အကူအညီများအား စိတ်ရင်းစေတနာဖြင့် ကူညီစောင့်ရှောက်ရန် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် အယောင်ဆောင် လုံခြုံရေးတပ်ဖွဲ့အချို့၏ မသမာမှုများလည်း ဖြစ်ပေါ်လေ့ရှိသဖြင့် ရှာဖွေစစ်ဆေးစဉ် ထိခိုက်နစ်နာမှုများ ရှိပါက ကာယကံရှင်များက သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားရမည့် ဖုန်းနံပါတ်များကို တိုင်ကြားနိုင်ကြောင်း၊ အကူအညီရယူလိုပါကလည်း အကူအညီ တောင်းခံနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


