ပျော်ဘွယ်   ၁၃  မတ်

 

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်အတွင်း ရှိ ကျေးရွာ ၃၁၇ ရွာ တွင် နွေရာသီကာလသောက် သုံးရေရှားပါးပြတ်လပ်မှုဖြစ်ပေါ်ပါက တိုင်း၊ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ဖုန်းဖြင့်ဖြစ်စေ၊ Pyawbwe DRD Facebook messenger မှဖြစ်စေ ဆက်သွယ်အကြောင်းကြား၍ အကူအညီတောင်းခံနိုင်ကြောင်း ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံထံ မှ သိရသည်။

 

ယခုနှစ်တွင် မြို့နယ်အတွင်းရှိ မည်သည့် ကျေးရွာ၌မဆို ကျေးလက်နေပြည်သူများ သောက်သုံးရေ ရှားပါးပြတ်လပ်မှု ဖြစ်ပေါ်ပါက   အချိန်နှင့်တစ်ပြေးညီ ကူညီဖြေရှင်းဆောင်ရွက် ပေးနိုင်ရေးအတွက်   မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးဖုန်း ဝ၉-၇၇၈၄၄၈၂၉၅ သို့ လည်းကောင်း ၊ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံ၊ ဖုန်း ဝ၉-၄၄၂၁၄၆၀၄၉ နှင့်ဖော်ပြပါ ဖုန်းနံပါတ်များအတိုင်း အချိန်မရွေးဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

6011

 

''ကျွန်မတို့အနေနဲ့တော့ ရှေရှားပါးမှုဖြစ်ပေါ်လာပါက ဆက်သွယ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှုးတွေဆီ ဖုန်းနံပါတ်တွေလည်း ဖြန့်ဝေထားပါတယ်။ ဆက်သွယ်လာရင်တော့ အတတ်နိုင်ဆုံး အမြန်ဆုံး ရေရဖို့ဆောင်ရွက် ပေးမှာပါ။လက်ရှိအချိန်မှာကျေးရွာတွေရဲ့ ရေအရင်းအမြစ် စစ်တမ်းတွေ၊ သောက်သုံးရေသုံးစွဲမှု အခြေအနေတွေကို ကွင်းဆင်းကောက် ယူပြီးနေပါပြီ ။ ယခုနှစ်နွေရာသီ မှာတော့ အောင်ချမ်းသာ၊ ရွာသစ် စတဲ့ကျေးရွာနှစ် ရွာမှာသောက်သုံးရေရှားပါးနိုင်တဲ့လို့ခန့်မှန်းထားပြီး  အဆိုပါ ကျေးရွာကို သောက်သုံးရေရှိဖို့လတ်တလောနှင့် ရေရှည်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်တွေလည်း ဆောင်ရွက်ထားပြီးဖြစ် ပါတယ်'' ဟုမြို့နယ်ဦးစီးမှူးဒေါ်သီတာဝင်းစံ က ဆက်လက် ပြောပြသည်။

 

ပျော်ဘွယ်မြို့နယ်အတွင်း ယခုဘဏ္ဍာနှစ်တွင်လည်း နွေရာသီကာလ သောက်သုံးရေဖူလုံစွာ ရရှိ စေရေးအတွက် ကျေးရွာ ၁၁ ရွာမှာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် အမြင့် ပေ ၂ဝ ရှိ ဂါလန် ၂၄ဝဝ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း ၉ ခု၊ မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်းတစ်ခု၊ ရေမြှုပ်ပန့် လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းတစ်ခုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် သန်း ၂၅၀ ကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ဖြိုးထက်အောင်(ပျော်ဘွယ်)