ပျော်ဘွယ်   ဒီဇင်ဘာ   ၁၈

 

ပျော်ဘွယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး LED ပြ ဘုတ်တင်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားသည့်နေရာများနှင့် ရန်အောင်ကျေးရွာ တို့တွင် ဆောင်ရွက်ခဲ့သည်။

 

ပန်းခင်းစီမံချက်ဆိုင်ရာ အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်တို့တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရာတွင် ပြည်သူများက ကူညီရမည့်အချက်အလက်များ၊ နိုင်ငံသားမှတ်ပုံတင်ရှိခြင်းဖြင့် လူမှုစီးပွားမြှင့်တင်နိုင်မည့် အကြောင်းအရာ များ၊ မြို့နယ်အတွင်း နေထိုင်ကြသူများအနေဖြင့် ပြည်သူများ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး လာရောက်ဆောင်ရွက်နိုင်ရေး စသည့်အချက်များ ပါဝင်သည်။

 

အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)