နေပြည်တော်   ၂၅     မေ

 

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိုးသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး မြေယာပြုပြင် ထွန်ယက်ရန်အတွက် ပြင်ပပုဂ္ဂလိက စက်များအားငှားရမ်းထွန်ရက်ရာတွင် အခက်အခဲ ဖြစ်နေသော တောင်သူများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဌာနပိုင်ထွန်စက်ကြီးများဖြင့် ရွှေ့လျားရှေ့တန်းစခန်းဖွင့်၍ ထွန်ယက်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျှက် ရှိသည်။

 

111

 

မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်နေချိန်ကာလအတွင်း မြို့နယ် အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း အခက်အခဲ မကြုံတွေ့စေရေးအတွက် ဌာနပိုင် New Holland ထွန်စက်ကြီးများဖြင့် ထွန်ယက်မြေပြုပြင်ပေးခြင်း၊ ပျက်စီးနေသော တောင်သူပိုင် လက်တွန်း ထွန်စက်များအား ပြုပြင်ပေးမှုများပြုလုပ်ပေးခြင်း၊ လယ်ယာထွန်စက်မောင်နှင်ခြင်းကို စိတ်ပါဝင်စားကြ သည့် တောင်သူသားသမီးများအား ထွန်စက်ကြီး မောင်းနှင်ထိန်းသိမ်းမှုပညာ သင်ကြားပေးခြင်း၊ မိတ်ဖက် တောင်သူ များအဖြစ်ပူးပေါင်းဆောင်ရွက်စေခြင်း စသည့်ဝန်ဆောင်မှုလုပ်ငန်းများကို ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာလအတွင်း လိုက်နာရမည့် စည်းကမ်း၊ ညွှန်ကြားချက်များ နှင့်အညီ အတိအကျ လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီး ဌာနမှူး ဦးမောင်ကြိုင် က ပြောကြားသည်။

 

ပျော်ဘွယ်မြို့နယ် သဖန်းချောင်းကျေးရွာအုပ်စု သဖန်းချောင်း ကျေးရွာမှ တောင်သူ ဦးစိန်ထွန်း က “ကွန်တော်တို့ ဒေသက မိုးဦးကျတာနဲ့ ပဲ၊ နှမ်း များကို အချိန်မီထွန်ယက်စိုက်ပျိုးရပါတယ်၊ မြို့နဲ့ အလှမ်း ဝေး တဲ့အတွက် ပုဂ္ဂလိကထွန်စက်တွေ ငှားရမ်းသုံးစွဲတဲ့အခါ အခက်အခဲဖြစ်ရှိပါတယ်။ အခုလို အခက်အခဲ ဖြစ်ချိန်မှာ မြို့နယ်စက်မှုလယ်ယာမှ ဌာနပိုင်ထွန်စက်ကြီးတွေနဲ့ ကျေးရွာအရောက် ရွေ့လျားရှေ့တန်း စခန်းဖွင့်ပြီး ဌာနသက်မှတ်နှုန်းထားအတိုင်း အချိန်နှင့်တစ်ပြေးညီ မြေယာပြုပြင် ထွန်ယက်ပေးလို့ တောင်သူတွေအနေနဲ့ မိုးသီးနှံလုပ်ငန်းများ အဆင်ပြေပါတယ်။ အခုလိုလာရောက် ကူညီဆောင်ရွက် ပေးတဲ့အတွက် စက်မှုလယ်ယာကို ကျေးဇူးတင်နေကြပါတယ်" ဟု ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရမည်းသင်းခရိုင်အတွင်းရှိ တောင်သူများအား သီးနှံစိုက်ပျိုးခြင်း လုပ်ငန်းများအတွက် ရာသီအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ အခက်အခဲ ရှိသော တောင်သူများအနေဖြင့် စက်မှုလယ်ယာဦးစီးဌာန ရမည်းသင်းခရိုင်ဦးစီးဌာနမှူး ဖုန်း ဝ၉- ၂၂၁၂၄၆၆၊ မြို့နယ်ဦးစီးဌာနမှူး(ရမည်သင်း) ဖုန်း ဝ၉-၄၂၀၇၃၃၆၆၂၊ မြို့နယ်ဦးစီးဌာနမှူး(ပျော်ဘွယ်) ဖုန်း ဝ၉-၄၀၃၇၂၈၆၄၂ တို့သို့ ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်း သိရှိရသည်။

 

(ရွှေကုက္ကို)