အောလဝေး(ထားဝယ်)
ခက်တယ်၊ တော်တော်ခက်တယ်၊ တော်တော်လေးလည်း ခက်ခဲတယ်။ အခုခေတ်လို ဖေ့စ်ဘွတ် တွေ၊ အင်တာနက်တွေ၊ ယူကျု၊ တစ်တော့ သတင်းမီဒီယာတွေ ထတောက်နေတဲ့ ခေတ်ကာလမှာ ကျေးရွာဒေသလေးတစ်ခုကနေ စာရေးဆရာတစ်ယောက် ထွန်းပေါက်အောင်မြင်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ တကယ်တော့ အဲဒါက ဒေသနဲ့မဆိုင်ဘူး ကိုယ့်ရဲ့စိတ်ဆန္ဒကြောင့်ပဲလို့ ပြောကြပါလိမ့်မယ်။ မှန်ပါတယ်။ အသင့်အတင့်တော့ ကျွန်မလက်ခံပါတယ်။ ဒါပေမဲ့လက်တွေ့ကျကျ ပြန်ဆန်းစစ်ကြည့်ပေးမယ်ဆိုရင်တော့ အခုခေတ်အနေအထားရဲ့ ဟာကွက်လေးတွေကို တွေ့မြင်နိုင်ပါ လိမ့်မယ်။ ကျွန်မလက်လှမ်းမီသလောက် ဝေဖန်ထောက်ပြချင်ပါတယ်။ ၂၀၁၃ ခုနှစ်လောက်တုန်းကဆို ကျွန်မတို့မြို့ရဲ့ မြို့ပေါ်ငါးရပ်ကွက်မှာရွာရဲ့ ကိုယ်ပိုင်စာကြည့်တိုက်လေးတွေ ကိုယ်စီရှိကြပါတယ်။ အဲဒီအချိန်တုန်းကဆို ဖေ့စ်ဘွတ်ဆိုတဲ့ စာမျက်နှာက လူမှုကွန်ရက်ပေါ်မှာ ဘောက်မထသေးခင်ကာလပေါ့။ ရွာရဲ့ကလေးတော်တော်များများ ကျောင်းပိတ်ရက် အချိန်ရတိုင်း စာကြည့်တိုက်မှာပဲ နေရာအလုအယက် သွားယူတတ်ကြတယ်။ စာကြည့်တိုက်ကို သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်လေးတွေနဲ့ရောက်လာကြပြီး ဒုတိယဥယျာဉ်တော်လို့ လည်း သတ်မှတ်ထားကြတယ်။ အခုနေ ပြန်တွေးကြည့်ရင် အဲဒီအချိန်တုန်းက ကျွန်မကိုယ်တိုင်လည်း စာကြည့်တိုက်ရဲ့ ရှေ့ဆုံးခုံမှာပဲ နေရာရခဲ့သူပေါ့။
ဟိုတစ်လောက စာကြည့်တိုက်အဟောင်းလေးတွေဆီ ကျွန်မသွားလည်ဖြစ်သေးတယ်။ စာပေ ချစ်မြတ်နိုးသူတစ်ယောက်အတွက် စာကြည့်တိုက်ဆိုတာကလည်း ဒုတိယမြောက် အိမ်တော်ပဲလေ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဒုတိယမြောက်အိမ်တော်ဟာ အရင်လို ကျွန်မကိုမဆီးကြိုတော့ပါဘူး။ “နှလုံးသား လှသူပျော်မွေ့ရာ”၊ “ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ’’ ၊ “အမျိုးမှန် အဖိုးတန်” ဆိုင်းဘုတ် ပြားလေးတွေ ထောင့်စွန်းဗီရိုလေးမှာ နေရာအမြဲယူနေကြ စာရေးဆရာလင်းသိုက်ညွန့်၊ တတ်သစ်စ ကလေးတွေကို လမ်းညွှန်ပေးတတ်တဲ့ လယ်တွင်းသား စောချစ်၊ စာကြည့်တိုက်တွေထဲ ဝင်ဖတ်ချင်စိတ် ဖြစ်လာအောင် ဆွဲခေါ်နိုင်စွမ်းရှိတဲ့ တက္ကသိုလ်ဘုန်းနိုင် သူတို့ကို ကျွန်မလိုက်ရှာနေမိတယ်။ အရင်လို ဆိုင်းဘုတ်လေးတွေ၊ အရင်နေရာက စာအုပ်လေးတွေ၊ နံရံကပ်ဆောင်ပုဒ်လေးတွေ မရှိတော့ဘူး၊ မရှိကြတော့ဘူး။ ကျွန်မအထင် သူတို့အစားထိုးခံလိုက်ရပြီ။ “အဆင်းလှသူ ပျော်မွေ့ရာ”၊ “အဖြူရောင် နတ်သမီး” ၊ ဘာတဲ့ “ဗျူးတီးစတားကိုလှမ်းခဲ့ပါ”။ ပြောင်းတတ်လိုက်ကြတာ၊ ပေးတတ်လိုက်ကြတာ အလှပြင်ဆိုင်နာမည်လေးတွေ။ စိတ်ဆိုတာထက်ရုပ်ကို သူတို့နေရာပေးနေကြတယ်၊ အနာဂတ်ထက် ပစ္စုပ္ပန်ကို အလေးထားလာကြတယ်၊ တန်ဖိုးဖြတ်မရတဲ့ နေရာလေးတွေကို ငွေသားနဲ့ လဲလှယ်လာကြ တယ်။ ရက်စက်လိုက်ကြတာ၊ လုပ်ရက်လိုက်ကြတာ။ တရားခံလည်းမရှိသလို တရားလိုလည်း ရှိမနေဘူး ဒါပေမဲ့ နစ်နာသူတွေတော့ သူ့အလိုလို ထွက်ပေါ် နေခဲ့တယ်။
တစ်ခါတလေ စာအုပ်များဖတ်ချင်လို့ကတော့ အွန်လိုင်းက စာသေးသေးလေးတွေကို ပြူးနေအောင် မနည်းဖြဲကြည့်ယူရတယ်။ လက်လှမ်းမီသလောက် ပီဒီအက်(ဖ်)ဖိုင်လေးတွေ ဒေါင်းဖတ်ရတယ်။ စာအုပ် လေးတွေ ဝယ်စုတတ်တဲ့ သူငယ်ချင်းတွေဆီ သွားလည်ရတယ်။ လစဉ်ထုတ်မဂ္ဂဇင်းတွေ ဖတ်ချင် တယ်ဆိုရင်တော့ ထုတ်ဝေပြီး ငါးလလောက်ကြာမှ ကိုယ့်ဆီရောက်လာတာ။ တစ်ခါတလေ ကိုယ့်စာမူများ ပါလေမလားဆိုပြီး သုံးလလောက်နေမှ သော့ထရှာတတ်တဲ့ စာကြည့်တိုက်လေးတွေဆီ သွားသွားချောင်းကြည့်ရသေးတယ်။ လူတွေကလည်း တစ်မျိုးစီပါပဲ။ တချို့များဆိုရင် အမှိုက်ပုံးထဲ ထည့်ထားတဲ့ သူတို့ဂျာနယ်အဟောင်းလေးတွေကို သွားယူဖတ်တော့မှ မူရင်းစျေးနဲ့ရမှ ရောင်းတော့မယ် ဆိုပဲ၊ ဖတ်ပီးပြန်ပေးမယ်ဆိုတော့လည်း လက်မခံကြဘူး၊ တစ်ခါတလေ စာဖတ်ခွင့်လေးရချင်လို့ ငွေတစ်ပြားမှ ပေးစရာမလိုဘဲ စာကြည့်တိုက်မှာ ထိုင်စောင့်၊ စာကြည့်တိုက်မှူး လုပ်ပေးမယ်ဆိုတာတောင် အမျိုးမျိုးတိုက်ခိုက်ဝေဖန်လာကြသေးတာ။ “ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားထိန်း တယ်တဲ့”လူတွေများ ဆေးရောင်တွေခြယ်တတ်လိုက်ကြတာ သူတို့က ဖုန်းကလေး ပွတ်ဆွဲအထက်အောက် ရွှေ့နေနိုင်မှ လူပီသတယ်လို့ ထင်ကြတာကိုး၊ အဲလို မဟုတ်ဘဲ စာဖတ်ဖို့ပဲ အသည်းအသန်ရှာနေသူကတော့ လူရိုး၊ လူအ စာရင်းဝင်ပေါ့။ ဒိတ်ကုန်တယ်၊ တစ်ခါတလေ ခေတ်ရေစီးကြောင်းကို နောက်ပြန်ဆွဲ တဲ့လူလို့တောင် အပြောခံရသေးတယ်။
စာကြည့်တိုက်မရှိတော့လို့ စာအုပ်ဆိုင်တော့ ရှိမှာပဲလို့ မထင်လိုက်ပါနဲ့ ရွာမှာဘာစာအုပ်ဆိုင်မှ မရှိပါဘူး။ တစ်ခါတလေ မြို့ပေါ်ရောက်လို့ လမ်းဘေးမှာချထားတဲ့ စာအုပ်လေးများတွေ့ရင် အတော် ကရုဏာဖြစ်မိတယ်။ အဲဒါက သူတို့နေရာမှ မဟုတ်တာ။ အမှန်ဆို မှန်ဗီရိုလေးထဲမှာ တင့်တင့်တယ်တယ် ရှိနေသင့်တယ်လေ။ အခုတော့လည်း နောက်ဆုံးပေါ် ဒေါက်ဖိနပ်တွေက နေရာယူသွားပြီကိုး။ တစ်ခါတလေ တက်သစ်စကလေးတွေကို အလွန်အားနာမိတယ်။ စာကြည့်တိုက်ဆိုတာ ကျောင်းစာကြည့်တိုက်က လွဲရင် သူတို့မသိဘူး။ မဂ္ဂဇင်း၊ ဗဟုသုတဆောင်းပါး ဆိုတာလည်း သူတို့နဲ့ မရင်းနှီးကြပြန်ဘူး။ အခုခေတ်ရဲ့ အနေအထားအရ လိုက်လွှင့်မယ်၊ ပို့စ်တင်မယ်၊ စိတ်ကူးယဉ်ဆန်ဆန်ရိုမက်တစ် ပိုင်းတွဲတွေဒေါင်းကြမယ်၊ ခေတ်ရေစီးကြောင်းနဲ့အညီ နောက်ဆုံးပေါ် ဂိမ်းတွေမှာပဲ အက်တစ်ဖြစ်လာကြတယ်။ အခုနေ ကလေးတစ်ယောက်ကို မုန့်ဖိုးပေးရင်တောင် ဂိမ်းဆိုင်ကိုပဲ တန်းနေအောင်ပြေးတော့တာ၊ တချို့လူကြီး တွေပြောနေကြတာ ကြားမိပါသေးတယ်။ အခုခေတ် လူငယ်တွေ ဂိမ်းဆော့နေမယ့်အစား စာဖတ်ကြပါ လားတဲ့။ ဘယ်မလဲ စာကြည့်တိုက်၊ ဘယ်မလဲ စာအုပ်ဆိုင်။ ပြောတဲ့သူတွေကိုယ်တိုင်က စာဖတ်ကြ လို့လား၊ စာအုပ်ရောဝယ်ဖူးကြလို့လား။ တစ်ခါတလေ သူတို့လည်း စာဖတ်ချင်မှာပေါ့၊ ဒါပေမဲ့ သူတို့လေး တွေမှာ ရွေးချယ်စရာမှမရှိခဲ့တာ။ ဒီလိုသာ ရှေ့ဆက်သွားရင်တော့ နောင်ငါးနှစ်လောက်ဖြစ်ရင် စာရေးဆရာ ဆိုတာ ပြတိုက်မှာ သွားတိုးကြည့်ရလိမ့်မယ်ထင်ပါတယ်။ အဲဒါကြောင့် ဒီနေ့ကစပြီး သင်ကအစ ပြောင်းလဲ လိုက်ပါ။ စာအုပ်လေးတွေကိုချစ်ပါ၊ ဝယ်ပါ။ တစ်လ တစ်ခါဝယ်ရမယ့် ပစ္စည်းစာရင်းထဲမှာ စာအုပ်တန်ဖိုး လေးတွေ ထည့်တွက်ကြည့်ပါ။ သင့်ပတ်ဝန်းကျင်က ကလေးတွေဟာ နောင်အနာဂတ်မှာ ထွန်းတောက် လမ်းဖောက်နိုင်တဲ့ ကလေးတွေ ဖြစ်လာဖို့ စာဖတ်ကြပါဆိုတဲ့ စကားကို မသုံးဘဲ သူတို့လေးတွေရဲ့ရှေ့မှာ စာဖတ်ပြပါ။ ဝယ်ပါ၊ ဖတ်ပါ၊ ငှားရမ်းပါလို့ပြောရင်းနဲ့ နောင်အနာဂတ်မှာ ကျွန်တော်နဲ့အတူတူ ပျောက်ဆုံး နေတဲ့ ကလောင်တွေကို ရှာဖွေကြပါစို့လို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။ ။