တောင်ကြီး ၂၀ ဇွန်

 

ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် တိုင်းရင်းသားလူမျိုးများ၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်လျက်ရှိရာ လက်ရှိတွင် ယင်းတလဲလူမျိုးများအကြောင်း မှတ်တမ်းပြုစုခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများအတွက် ဆောင်ရွက်ပေးခြင်းနှင့် ဘာသာစာပေများ မြင့်မားတိုးတက်စေရန်အတွက် ပြန်လည်ဖော်ထုတ်ခြင်းတို့ စတင်ပြုလုပ်နေပြီး ဆက်လက်၍ အခြားတိုင်းရင်းသားများကိုလည်း ရှာဖွေဖော်ထုတ် မှတ်တမ်းပြုစုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း  ရှမ်းပြည်နယ်တိုင်းရင်းသားစာပေနှင့်  ယဉ်ကျေးမှုဦးစီးဌာနမှ သိရသည်။

 

“ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး၊ ဘာသာ၊ စာပေ၊ မြင့်မားတိုးတက်အောင်ဖော်ထုတ်တာ၊ မြှင့်တင်ပေးတာတွေကို ဆောင်ရွက်နေပါတယ်။ တိမ်မြုပ်ပျောက်ကွယ်နေတဲ့၊ ဒါမှမဟုတ် လူဦးရေနည်းပါးလာတဲ့ တိုင်းရင်းသားတွေကို ပြန်လည်ဖော်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူတို့တွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးထမ်း အစဉ်အလာတွေကိုလည်း ပြန်လည်ပြီးဖော်ထုတ်ပေးသွားဖို့ ရည်ရွယ် ဆောင်ရွက်နေပါတယ်”ဟု တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ပြည်နယ်ရုံးမှ ပြည်နယ်တာဝန်ခံ ဦးစိုင်းဖုန်းကျော်က ပြောသည်။

 

ထနော့တိုင်းရင်းသားများကို ပထမဆုံးအဖြစ် မှတ်တမ်း ပြုစုနိုင်ရန်အတွက်ဌာနမှ ပြီးခဲ့သည်နှစ် မေလနှင့် ဇွန်လတို့တွင် တောင်ကြီးမြို့နယ် အေးသာယာမြို့နှင့် ကလောမြို့နယ်အတွင်းရှိ ထနော့တိုင်းရင်းသားများနေထိုင်ရာ ကျေးရွာများသို့သွားရောက်၍ အချက်အလက်   ပြုစုမှတ်တမ်းရယူနိုင်ခဲ့ကြောင်း သိရသည်။

 

ထနော့စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ယာယီ)၏ လူဦးရေစစ်တမ်းအရ ထနော့တိုင်းရင်းသားလူမျိုးဦးရေ ၄၀ဝ၀  ခန့်ရှိကြောင်း သိရသည်။ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် အဆိုပါလူမျိုးများအကြောင်းကို ပြီးခဲ့သည့်နှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်နှင့် ၇၂ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားတို့တွင် အောင်မြင်စွာ    တင်ဆက်ပြသနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

 

လက်ရှိတွင် ကယားပြည်နယ်ရှိ ယင်းတလဲ တိုင်းရင်းသားများနှင့် ပတ်သက်သည့် အကြောင်းအရာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို မှတ်တမ်းပြုစု ရိုက်ကူးလျက်ရှိကြောင်း သိရပြီး အခြားတိုင်းရင်းသား လူမျိုးများ၏ ဘာသာစာပေနှင့် ယဉ်ကျေးမှုများကိုလည်း ဖော်ထုတ်မှတ်တမ်းပြုစုကာ အများပြည်သူများ  သိရှိနိုင်ရန် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးရှိသည့်အနက် အချို့တိုင်းရင်းသားများမှာ အရေအတွက် အနည်းငယ်သာ ကျန်ရှိတော့သည်။ အချို့တိုင်းရင်းသားများသည် လူဦးရေထောင်ဂဏန်းသာ ရှိတော့ကြောင်း  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ သိရသည်။

 

“အဲဒီလိုမျိုးလူဦးရေ ထောင်ဂဏန်းသာကျန်တဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ မျိုးနွယ်စုပျောက်ကွယ်ဖို့  နီးစပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်မို့ ပြန်လည်ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို မျိုးနွယ်တိုင်းရင်းသားတွေကို ကျွန်တော်တို့က သွားရောက်ပြီးတော့ သူတို့ရဲ့ရိုးရာဓလေ့၊ ဘာသာစကားနဲ့ စားသောက်နေထိုင်မှုဘဝတွေကို လေ့လာပါတယ်။ ပြီးတော့ ပြန်လည်ပြီးဖော်ထုတ်ပေးနေတာ ဖြစ်ပါတယ်။ ဒါကတော့ လူနည်းစုမျိုးနွယ်တွေကို နိုင်ငံတော်ကနေပြီး ဖော်ထုတ်ထိန်းသိမ်းပေးနေတယ်ဆိုတဲ့ အခြေအနေဖြစ်ပါတယ်”ဟု တိုင်းရင်းသားစာပေနှင့်  ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ရှမ်း (ပြန်/ဆက် )သတင်းအဖွဲ့သားများ