နိုင်ငံတစ်ဝန်းအေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် မဟာသင်္ကြန်ပွဲတော်၏ အတက်နေ့သို့ရောက်ပြီ။ မနက်ဖြန်သည် မြန်မာသက္ကရာဇ်၏ နှစ်ဆန်း ၁ ရက်ဖြစ်သည်။ ဤသို့လျှင် နှစ်သစ်တစ်နှစ်ဆီကူးပြောင်းကြရပါဦးမည်။အာကာသလောကကြီးက ဆန်းကြယ်လှပါပေသည်။ ရာသီစက်ဝန်းက အချိန်မှန်လည်ပတ်နေသည်။ နေ့နှင့်ညတို့ တစ်လှည့်စီ။ နေထွက်သည်၊နေဝင်သည်။ လဆန်းသည်၊ လဆုတ်သည်။ ကြယ်တာရာနက္ခတ်တို့ အချိန်မှန်ပေါ်ထွန်းလာကာ အလှည့်ကျပြောင်းရွှေ့သွားကြသည်။ သတ္တလောကတွင် ဉာဏ်အကြီးဆုံးလူသားတို့က ကောင်းကင်ကြီး၏သဘာဝကို မှတ်သားလေ့လာကာ နာရီ၊ နေ့ရက်၊ အခါရာသီတို့ကို ပိုင်းခြားသတ်မှတ်ကြသည်။ နေလနက္ခတ်တို့၏ အချိန်မှန်ဝင်ထွက် သွားလာကြပုံ၊ သစ်ပင်ပန်းမန်တို့သီးပွင့်ကြပုံ၊ မိုးလေရာသီဥတုတို့ပြောင်းလဲကြပုံကို မှတ်သားကာ ဤရာသီတွင် ဤနက္ခတ်တို့ ထွက်ပေါ်ကြပြီး၊ ဤအပင်မှ ဤပန်းတို့ပွင့်ကြသည်။ ဤရာသီတွင်မိုးလေဝသသည် ဤသို့ဤနယ်ရှိတတ်သည်ဟူ၍ အမှတ်အသားပြုကြသည်။ စက္ကူတွင် ပုံနှိပ်ထားသည့် ပြက္ခဒိန်များ မပေါ်သေးသည့်ခေတ်က နေ့၊ လ၊ ရာသီတို့ကို ဤသို့ပင် အမှတ်သညာပြုကြရခြင်းဖြစ်သည်။

“တန်ခူးစိတြ၊ မိဿခါတော်၊ ရင်ကပ်ကယ်ကံ့ကော်၊ မွှေးကျော်ကြိုင်လွင့်၊အတာသဘင်၊ ပျော်ရွှင်ဆိတ်မင်းဝင့်။” ဟူ၍ ကင်းဝန်မင်းကြီး၏ အိုင်ချင်းတစ်ပုဒ်တွင်ဖွဲ့ဆိုထားရာ တန်ခူးလတွင် စိတြနက္ခတ်စန်းယှဉ်၍ ရာသီအားဖြင့် မိဿရာသီ(ဆိတ်ရာသီ)ဖြစ်သည်။ ရာသီပန်းအနေဖြင့်၊ ရင်ကပ်ပန်း၊ ကံ့ကော်ပန်းတို့ ပွင့်ကြပြီး ရာသီသဘင်အဖြစ် အတာသဘင်သင်္ကြန်ပွဲကို ဆင်နွှဲကြသည်ဟုမှတ်သားဖော်ပြထားခြင်းဖြစ်သည်။ အတာသဘင်ပွဲဆင်နွှဲကြသည့် အစဉ်အလာသည် ဂေါတမဗုဒ္ဓမြတ်စွာဘုရားဖွားမြင်တော်မူရာ ကပိလဝတ်ပြည်မှသာကီဝင်မင်းတို့သည် သာယာလှပ၍ စိတ်နှလုံးမွေ့လျော်ဖွယ်ရာဖြစ်သောဒေဝဒဟ ရေကန်ကြီးတွင် ရေပက်ဖျန်းပျော်ရွှင်ကစားခဲ့ကြသည့် ဓလေထုံးတမ်းရှိခဲ့ကြောင်း သာသနာဝင်ကျမ်းများ၌ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံတွင်မူ ပုဂံပြည်၌ နရသီဟပတေ့မင်းလက်ထက် ပူပြင်းလှသည့် နွေကာလများတွင်နန်းတော်မှသည် မြစ်ဆိပ်အထိ စင်္ကြံလမ်းတစ်ခု မိုးကာဆောက်လုပ်ကာ မြစ်ဆိပ်တွင်လည်း မင်းတဲဆောက်လုပ်၍ လူမမြင်သာအောင်ကာရံပြီး မိဖုရား၊မောင်းမများနှင့်တကွ ရေကစားကြကြောင်း ရာဇဝင်ကျမ်း၌ ဖော်ပြခဲ့သည်။

သက္ကရာဇ်တစ်ခုအဆုံးပြု၍ နှစ်သစ်ဆီသို့ကူးပြောင်းသည့် အထိမ်းအမှတ်ပွဲသဘင်သည် လူငယ်လူရွယ်များအဖို့ ပျော်ရွှင်ဖွယ်ရာများ၊ ကြည်နူးနှစ်သစ်ဖွယ်ရာများသာဖြစ်သော်လည်း လောကအတွေ့အကြုံကုံလုံရင့်ကျက် လာသည့် သက်ကြီးရွယ်အိုလူကြီးသူမ သူတော်ကောင်းတို့အဖို့မူ ကုန်ဆုံးသွားသည့် နှစ်ဟောင်းနှင့်အတူ မိမိတို့၏အသက်တစ်နှစ်တိုးလာသလို ကုသိုလ်ကောင်းမှုတို့ ပိုမိုတိုးပွားလာခြင်းရှိမရှိ၊ အကုသိုလ်တရားတို့ကို သတိတရားလက်ကိုင်ထား၍ ချိုးနှိမ်ပယ်သတ်နိုင်ခဲ့ခြင်းရှိမရှိ ပြန်လည်ဆန်းစစ်ကြစမြဲဖြစ်ပြီး လာမည့်နှစ်သစ်တွင်လည်း ကုသိုလ်ကောင်းမှုနှင့်သာယှဉ်တွဲကာ ဖြတ်သန်းနိုင်ကြရန် မိမိကိုယ်ကို သတိပေးပြင်ဆင်ကြရစမြဲလည်း ဖြစ်သည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသို့ ဦးတည်လျှောက်လှမ်းနေသည့်နိုင်ငံနှင့်နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများအဖို့မူ နှစ်ဟောင်း၏ အတွေ့အကြုံများသည် သင်ခန်းစာယူဖွယ်ရာများအဖြစ်နှင့် ဆိုးသည်တို့ကိုပယ်၍ကောင်းသည်တို့ကို အနာဂတ်သို့ ဆက်လက်သယ်ဆောင်သွားကြရမည်ဖြစ်သည်။ နှစ်သစ်ကမူ မျှော်လင့်ချက်များဖြည့်ဆည်းနိုင်မည်ဟု ယုံကြည်ကြရမည်ဖြစ်သလို စိန်ခေါ်မှုများကို ရင်ဆိုင်ကြရနိုင်သည်ဟုလည်း မျှော်လင့်ထားရမည်သာဖြစ်သည်။သမိုင်း၏အတွေ့အကြုံများအရမူ နိုင်ငံ၏အနာဂတ်ဟူသည်နိုင်ငံအတွင်း မှီတင်းနေထိုင်သူများ၏အားဖြင့် ဖန်တီးရယူအပ်သော အရာသာလျှင် ဖြစ်ပါကြောင်း။ ။