၁၁ ဇွန်

 

ယခုနှစ် ပြောင်းဖူးရာသီချိန်တွင် ပြောင်းစိုက်တောင်သူများထံမှ စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်း ပြောင်းဆံများအပြင် စွန့်ပစ်ပစ္စည်းဖြစ်သည့် ပြောင်းဖူးရိုးများကိုပါဝယ်ယူမည့် ဈေးကွက်သစ်တစ်ခု ဖြစ်ပေါ်နေကြောင်း မြန်မာ့ပြောင်းဈေးကွက်အတွင်းမှ သိရသည်။

 

"ပြောင်းစိုက်တောင်သူဖြစ်ဖြစ် ပြောင်းကုန်သည်ဖြစ်ဖြစ် ဘယ်သူလာရောင်းရောင်း၊ မြဝတီမှာ ကျွန်မတို့အနေနဲ့ အထိုင်ချပြီးတော့ ဝယ်ယူပေးနေပါတယ်။ နှစ်စဉ်နှစ်တိုင်း ပြည်တွင်းက ပြောင်းဆံတွေ ဝယ်ယူပြီး ထိုင်းနိုင်ငံကို တရားဝင် ပြန်လည်တင်ပို့ရောင်းချနေတာပါ။ ကျွန်မတို့ဆီက ဝယ်ယူတဲ့ပြောင်းဆံကို ထိုင်းနိုင်ငံက ဝယ်ယူပြီး ကုန်ချောတွေလုပ်တယ်။ ပြောင်းဆံအပြင် ပြောင်းဖူးရိုးတွေကိုတော့ ဈေးကွက်ဝယ်လက်ရှိလာလို့ ဒီနှစ်မှာမှစပြီး ဝယ်ယူတာပါ။ အရင်နှစ်တွေကတော့ မဝယ်ဖူးသေးပါဘူး။"ဟု Myo Akaye Co.ltd(မြဝတီ-မဲဆောက်) ပြောင်းမျိုးစေ့၊ မြေဩဇာနှင့် သီးနှံစုံရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်မျိုးသီတာက ပြောသည်။

 

အကြမ်းဖျဉ်းအားဖြင့် ပြောင်းဖူးရိုးတစ်တန်(၆၂၅ ပိဿာ)လျှင် မြန်မာငွေကျပ် (၁၅၀၀၀)ဝန်းကျင် ဈေးနှုန်းဖြင့် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

"၆၂၅ ပိဿာကိုမှ မြန်မာငွေကျပ်တစ်သောင်းကျော်ဈေး ဆိုပေမယ့်လည်း ပြောင်းဖူးရိုးက စွန့်ပစ်ပစ္စည်းလည်း ဖြစ်တဲ့ အတွက် သူတို့ပေးတဲ့ဈေးကလည်း မနည်းဘူး။ ပြောင်းဖူးရိုးတွေက ဒီအတိုင်းလေလွင့်သွားမယ့်အစား တောင်သူဦးကြီးတွေအတွက် အပိုဝင်ငွေလေး ရစေနိုင်တယ်။ သူတို့ဘက်ကပေးတဲ့ ဒီဈေးနှုန်းအတိုင်းကို ကျွန်မတို့ဘက်က ဈေးထပ်မညှိသေးဘူးဆိုတာကလည်း လောလောဆယ်ကျွန်မတို့ဆီမှာ ပစ္စည်းလက်ထဲ မရှိသေးတာကြောင့်လည်း ပါပါတယ်။  ဒီပြောင်းဖူးရိုးတွေကိုတော့ အစာတောင့်စက်ရုံဘက်က လာကမ်းလှမ်း ထားတာပါ။ ပြောင်းစိုက်သက်တမ်း လေးလကျော်ကြာလို့ ပြောင်းဆံထွက်လာတော့မှ ပြောင်းဆံအပြင် ပြောင်းဖူးရိုးတွေကိုပါ တစ်ပါတည်းဝယ်ယူပေးမှာပါ။"ဟု ဒေါ်မျိုးသီတာက ဆက်လက်ပြောသည်။

 

အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသည် ပြောင်းတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ပြည်တွင်းအစေ့ထုတ် ပြောင်းသုံးစွဲမှုမှာ အစာစပ်စက်ရုံများ၊ အရက်ချက်စက်ရုံများနှင့် အခြားလုပ်ငန်းများအပါအဝင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က မက်ထရစ်တန်ချိန် (၁၂)သိန်းဝန်းကျင်သာ အသုံးပြုမှုရှိကြောင်း သိရသည်။

 

သို့ဖြစ်၍ ပိုလျှံနေသော ပြောင်းဆံများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ လာအိုနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ ဈေးကွက်ဝယ်လိုအားနှင့် လမ်းပန်းဆက်သွယ်ရေး အနေအထားများအပေါ် မူတည်၍ တင်ပို့ရောင်းချနေကြောင်း ပြောင်းဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

 

နန်းထက်ထက်ချစ်

 

mdn