၉  မေ

 

အာရှ အဆင့်မြင့်ပညာရေးအခင်းအကျင်းမှာ အဓိကပြောင်းလဲမှုတွေဖြစ်နေတဲ့အချိန် တက္ကသိုလ်တွေ အနေနဲ့လည်း ကျွဲကူးရေပါဆိုသလို သူတို့ရဲ့ ပညာရေးစနစ်တွေကို ဖြစ်ပေါ်တိုးတက်လာတဲ့ အခွင့်အလမ်းသစ်တွေနဲ့ ဆီလျော်အောင် တီထွင်ကြံဆ လုပ်ကိုင်ခဲ့ပါတယ်။

 

အာရှပညာရေး ပြောင်းလဲမှုတွေဖြစ်ခဲ့

 

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတော်များများက အာရှပညာရေးမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေနဲ့ အရွေ့တွေဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အဓိကပြောင်းလဲမှုတွေကတော့ အာရှမှာရှိတဲ့ အဆင့်မြင့်ပညာရေးကဏ္ဍကို ပုံစံအသစ်ပြန်လည် စတင်ပုံဖော်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလိုပုံစံအသစ် ပြန်ဖော်တဲ့အခါမှာ ကျောင်းသားအလုံးအရင်းဟာ အဲဒီတက္ကသိုလ်ပညာရေးကို စိတ်ဝင်စားလာ ကြတာပဲဖြစ်ပါတယ်။

 

အဲဒီပညာရေးဟာ ဘာကိုအဓိက အာရုံစိုက်လဲ၊ ရည်မှန်းချက်ထားလဲဆိုတော့ ဦးဆောင်တက္ကသိုလ်တွေရဲ့ ဘက်စုံဗဟုသုတ၊ အတွေ့အကြုံရစေတဲ့ ပညာရေးပုံစံကို အဓိကအာရုံစိုက်တာ ဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ သုတေသနပုံစံတွေ၊ တီထွင်ဆန်းသစ်မှုပုံစံ တွေနဲ့ အသင်းအဖွဲ့တွေရဲ့ ပုံစံတွေကိုပါ ပြောင်းလဲ ကျင့်သုံးခဲ့ပါသေးတယ်။

 

စီးပွားရေးဖွံ့ ဖြိုးတိုးတက်နေတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့လို နိုင်ငံတွေဟာ အဆင့်မြင့် ပညာရေးစနစ်ရဲ့ စာရင်းသွင်းအပ်နှံမှုနှုန်းတွေကိုကျမသွားစေဘဲ နှစ်ပေါင်းအတော်ကြာအောင် ထိန်းသိမ်းခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဆယ်စုနှစ်လွန်သမိုင်းဟာ အခုအခါမှာတော့ မျှော်လင့်မထားနိုင်လောက်အောင် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံမှာ အလွန်လျင်မြန်စွာ မျှော်လင့်မထားနိုင်လောက်အောင် ဖွံ့ဖြိုးလာသလို အိန္ဒိယနိုင်ငံမှာလည်း ဖွံ့ဖြိုးလာခဲ့ပါတယ်။ ထို့အတူ စင်ကာပူနိုင်ငံရဲ့ ကျောင်းတွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေဟာလည်း လွန်ခဲ့တဲ့ ကာလတွေနဲ့ မတူဘဲ လျင်မြန်စွာ တိုးတက်ပြောင်းလဲလာပြီး ပညာရေးဆိုင်ရာ တိုးတက်မှု အရွေ့တွေဖြစ်လာခဲ့ပါတယ်။

 

ဖွံ့ဖြိုးမှုနှုန်းနဲ့ စိန်ခေါ်မှု

 

ဖွံ့ဖြိုးမှုနှုန်းကတော့ အသိအမှတ်ပြုရလောက်အောင်ပါပဲ။ တရုတ်နိုင်ငံမှာ လာမယ့် ၂၀၂၀ ပြည့်နှစ် လောက်မှာ အဆင့်မြင့် ပညာရေးစနစ်ရဲ့ စာရင်းသွင်းအပ်နှံမှုနှုန်းဟာ ၃၇ သန်းကျော်ရှိလာမှာ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာလည်း ၂၇ သန်းကျော်ရှိလာ မှာဖြစ်ပါတယ်။ ဒါဟာ အပြုသဘောဆောင် တိုးတက်မှုပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘက်စုံဗဟုသုတ၊ အတွေ့အကြုံရစေတဲ့ ပညာရေးပုံစံဟာ ကျောင်းသားတွေကို အသိဉာဏ်ဆိုင်ရာတွေ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်သလို နောက်ထပ်အသက်မွေးမှုပညာတွေကိုလည်း ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။

 

ထို့အတူ မြန်မာနိုင်ငံမှာလည်း ပညာရေးဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကိုလည်း မြင်တွေ့နေရပါတယ်။ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ပညာရေးပုံစံပြောင်းလဲမှုတွေဟာ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ညီလာပြီး အလွတ်ကျက် ဖြေအဆင့်မှသည် တွေးခေါ်မြော်မြင်စဉ်းစား နိုင်တဲ့ပုံစံမျိုး၊ တီထွင်ဆန်းသစ်ဖန်တီးနိုင်မှု ပုံစံမျိုး အတွေးအခေါ်တွေ၊ အယူအဆတွေ လမ်းဖွင့်ပေးတဲ့ ပုံစံမျိုးထိတောင် ဖြစ်ပေါ်လာတာဟာ ယနေ့ပညာရေးခေတ်ရဲ့ တိုးတက်မှုတွေပဲ ဖြစ်ပါတယ်။

 

သို့သော်လည်း သိသာတဲ့ စိန်ခေါ်မှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြား ဘွဲ့ရအလုပ် လက်မဲ့နှုန်းဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာမှာ ၈ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့အဆင့်နဲ့တော့ များလှတယ်တော့ မဟုတ်ပေမယ့် အရှေ့အာရှမှာတော့ နည်းနည်းတော့ များတယ်လို့ ဆိုရမလိုပါပဲ

 

လိုအပ်ချက်ကွာဟမှု

 

နောက်တစ်ခုကတော့ အလုပ်ရှင်နဲ့ ဘွဲ့ရတွေကြား လိုအပ်ချက် ကွာဟမှုတွေပဲဖြစ်ပါတယ်။ တက္ကသိုလ်ပြီးသွားတဲ့ ဘွဲ့ရတစ်ယောက်ရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေဟာ စက်ရုံတွေ၊ အလုပ်ရှင် တွေလိုအပ်တဲ့ အရည်အချင်းတွေနဲ့ အံချော်နေတုန်းပဲဖြစ်ပါတယ်။ ထို့အတူ သင်ကြားတာနဲ့ သင်ယူတာရဲ့ အရည်အသွေးတွေကိုလည်း ဆန်းစစ် မေးခွန်းထုတ်ဖို့ အချိန်ဟာလည်း ရောက်ရှိလာခဲ့ပါတယ်။ အဲဒီလိုမေးခွန်းထုတ်တာတွေဟာ အခုဆိုရင် အိန္ဒိယနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့ပါတယ်။

 

တရုတ်နိုင်ငံမှာ အဆင့်မြင့်ပညာရေး လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာတာဟာ လိုအပ်ချက်နဲ့ ရရှိမှုတွေ ကြားကွာဟမှုတွေကို ဖြစ်လာစေပြီး ဘွဲ့ရတွေများတဲ့မြို့ကြီးတွေမှာ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်မှုတွေ ရှိလာခဲ့ပါတယ်။

 

လတ်တလောမှာ တရုတ်အစိုးရဟာ ကောလိပ်အမြောက်အမြားကို အိမ်တွင်းသက်မွေးမှု ပညာသင်ကျောင်းတွေအဖြစ် ပြောင်းလဲမှုတွေ လုပ်ဆောင်နေပါပြီ။ ဒါဟာ ဘာကိုရည်ရွယ်ပြီး လုပ်ဆောင်သလဲဆိုရင် တကယ့်ဈေးကွက်မှာ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီအောင် ဦးတည်ချက်ထားလုပ်ဆောင်သလို အလုပ်လက်မဲ့ နှုန်းတွေ မမြင့်တက်စေဖို့ လုပ်ဆောင်တာပဲဖြစ်ပါတယ်။ သို့သော်လည်း အဲဒီလိုလုပ်ခြင်းဖြင့် အလုပ်ရှိ ဘွဲ့ရတွေရဲ့ လစာဟာ လျော့နည်းသွားနိုင်ခြေရှိပါတယ်။

 

စင်ကာပူကဲ့သို့သော နိုင်ငံငယ်လေးတစ်ခုမှာ တကယ့်အရေးကြီးတဲ့ မေးခွန်းကဘာလဲဆိုတော့ ဘွဲ့ရတွေကို လိုအပ်တဲ့ အရည်အသွေးတွေ ပြည့်နေ အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

 

ပြောင်းလဲမှုပုံစံတွေဖြစ်လာ

 

အဓိကပြောင်းလဲမှု နောက်တစ်ခုကတော့ ဦးဆောင်တက္ကသိုလ်တွေရဲ့ ဘက်စုံဗဟုသုတ၊ တွေ့အကြုံရစေတဲ့ ပညာရေး ပုံစံအပေါ် စိတ်ဝင် စားမှုတွေမြင့်တက်လာတာနဲ့အတူ အရည်အသွေးမီတဲ့ အရည်အချင်းရှိတဲ့ သင်ကြားတာတွေ ဖွံ့ဖြိုး တိုးတက်လာဖို့ပဲဖြစ်ပါတယ်။ ဒါဟာ အရင်တုန်းက တစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲလေ့လာသင်ယူတဲ့ ပညာရေးပုံစံကနေပြီး အကြောင်းအရာမျိုးစုံကို လေ့လာတဲ့ ပြောင်းလဲလာမှုတွေအဖြစ် ပေါ်ပေါက် လာခဲ့တာပဲဖြစ်ပါတယ်။

 

အပြန်အလှန်တုံ့ပြန်မှုစနစ်သို့ ပြောင်းလာ

 

သင်ခန်းစာတွေအပေါ် အလွတ်ကျက်ခြင်းကို အခြေခံတဲ့ ရိုးရာသင်ကြားခြင်းနည်းလမ်းတွေကနေ ပိုပြီးအပြန်အလှန်တုံ့ ပြန်အကျိုးပြုမှုစနစ်တွေနဲ့ သင်ကြားတဲ့ ပုံစံတွေကို တိုးတက်ပြောင်းလဲလာပြီဖြစ်သလို တကယ့်ပညာရေးနယ်ပယ်မှာ ထွက်ပေါ်လာမယ့် ရလဒ်တွေကလည်း တကယ့်တီထွင်ဖန်တီးနိုင်မှုတွေ၊ နှိုင်းနှိုင်းချိန်ချိန် ကျိုးကြောင်းမျှတစွာ တွေးခေါ်ဆင်ခြင် စဉ်းစားနိုင်စွမ်းတွေ ပေါ်ထွက်လာရေးပဲဖြစ်ပါတယ်။

 

ပြောင်းလဲလာတဲ့ ပညာရေးနဲ့အတူ ကမ္ဘာကြီးနဲ့ အာရှအကြောင်း ကောင်းကောင်းနားလည်နိုင်စွမ်းရှိတဲ့ တကယ့် အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေ မွေးထုတ်နိုင်ရေးဟာ တက္ကသိုလ်တွေအတွက် အဓိကရည်မှန်းချက်ဖြစ်သလို အရေးလည်းကြီး လှပါတယ်။

 

ဒီနေရာမှာ ဘယ်လိုပဲဖြစ်ဖြစ် ပညာရေးဆိုင်ရာ အခင်းအကျင်းတွေ ပြောင်းလဲဖြစ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် စက်ရုံ၊ အလုပ်ရုံတွေကလည်း ပွင့်လင်းတဲ့ တီထွင်ဆန်းသစ် နည်းပညာတွေနဲ့ နည်းဗျူဟာတွေအပေါ် ချဉ်းကပ်ဖို့ လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။

 

အခုလို နည်းပညာခေတ်ကြီးမှာ နည်းပညာတွေဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေကို မြှင့်တင်ပေးပြီး တစ်ဦးတစ်ယောက်ချင်းစီကို တခြားအရာတွေ အများကြီးလုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခေတ်သစ်စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေကြေးပုံစံတွေဟာ အသစ်အသစ်သော ပြောင်းလဲလာမှု အကြောင်းတရားတွေအပေါ် တည်မီနေပါတယ်။ မည်သို့ပင်ဆိုစေ လျင်မြန်စွာ ဖွံ့ဖြိုးလာတဲ့ အာရှဟာ တက္ကသိုလ်တွေအတွက် ပညာရေးတွေ တိုးတက်အောင်၊ သုတေသနတွေတိုးတက်အောင်၊ စွန့်ဦးတီထွင်အစီအစဉ်တွေ တိုးတက်အောင် စတဲ့ ကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးနေတဲ့ အနေအထားတွေကို တဖြည်းဖြည်းပြောင်းလဲ လာနေပြီဆိုတာ ငြင်းမရပါဘူး။ ။

 

ကိုးကား - ချန်နယ်နယူးအေးရှ