မန္တလေး ၂၆  ဇွန်


မြန်မာနိုင်ငံတွင် ခရီးသွားလာရောက်မှု မြင့်တက်လာစေရန် ဖြေလျော့လာသော မူဝါဒများအရ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု ဦးမော့လာသည့်အခြေနေတွင် ရှိသည်။ ပြည်ပခရီး သွားများ ဝင်ရောက်လာမှုများ ပြောင်းလာသည်နှင့်အညီ ပြောင်းလဲနေသော ဈေးကွက်လိုအပ်ချက်များအရ ခရီးစဉ်ဒေသများကို စနစ်တကျ စီမံခန့်ခွဲဖို့လည်း လိုအပ်လာသည်။

 

1

 


ပြီးခဲ့သည် ဇွန်လ ၂၃ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ခရီသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံ ခရီသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇော် တင်ပြသည့် ပြောင်းလဲလာသော ဈေးကွက်လိုအပ်ချက်အရ ခရီစဉ်ဒေသများ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်သည့် စာတမ်းပါအကြံပြုချက်အချို့ကို ဖော်ပြလိုက်ရပါသည်။


၂၀၁၅ ခုနှစ်တွင်  ခရီးသွားဝင်ရောက်မှု အမြင့်ဆုံး ၄ ဒသမ ၆ သန်းကျော်ဝင်ရောက်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ခရီးသွား ဝင်ရောက်မှု ၂ ဒသမ ၉ သန်းအထိ ကျဆင်းသွားခဲ့သော်လည်း ၂၀၁၇ ခုနှစ်က စတင်ကာ ပြည်ပခရီးသည် ဝင်ရောက်မှု ပြန်လည်မြင့်တက်လာခဲ့သည်။


 ၂၀၁၈ ခုနှစ်တွင် ပြည်ပခရီးသွား ၃ ဒသမ ၅၅ သန်းအထိရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။ ၂၀၁၉ ခုနှစ် မေလကုန်အထိပြည်ပခရီး သွားဝင်ရောက်မှုမှာ ၂၀၁၈ ခုနှစ် အလားတူကာလထက် ၂၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။


ဗီဇာဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဖြေလျော့ပေးခြင်း၊ အာရှနိုင်ငံ အချို့ကို ဆိုက်ရောက်ဗီဇာများ ရယူခွင့်ပေးခြင်းများ ဆောက်ရွက်ခဲ့သဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများက ပုံမှန်စင်းလုံးငှား ခရီးစဉ်များ ပြေးဆွဲလာပြီး ခရီးသည်ဝင်ရောက်မှု တိုးတက်လာခဲ့သည်။


ဖြေလျော့ပေးခဲ့သော မူဝါဒများကြောင့် ၂၀၁၉ ခုနှစ် မေလအထိ ပြည်ပခရီးသွားဝင်ရောက်မှုတွင် တရုတ်နိုင်ငံသား လာရောက်လည်ပတ်မှု ၁၃၇ ရာခိုင်နှုန်း ၊ ကိုရီးယား နိုင်ငံသား ၈၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။


တိုးတက်လာသော ခရီးသည်များအလိုက် ခရီးစဉ်ဒေသရေးစွဲရာတွင် လိုက်လျောညီထွေစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇော်က အကြံပြုပြောကြားသည်။


‘ဈေးကွက်အခြေအနေ၊ ရောက်ရှိလာတဲ့ ခရီးသည်အရေအတွက်၊ ခရီးသည်တွေရဲ့ အသက်အရွယ် အမူအကျင့် စတာတွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ အရှေ့တိုင်းနိုင်ငံတွေက ခရီးသွားတွေ တိုးတက်လာတာကို သတိပြုဆောင်ရွက်သင့်ပါတယ်’ ဟု ဦးသန့်ဇော်ကပြောသည်။


၂၀၁၉ ခုနှစ်တွင်လည်း ဆိုက်ရောက်ဗီဇာစနစ်ကို ဥရောပနိုင်ငံများသို့ ခွင့်ပြုပေးမည်ဆိုသည့်အတွက် မိမိအစီအစဉ်ဖြင့် လာရောက်သည့် ခရီးသွားများ ရောက်ရှိလာနိုင်သဖြင့် မန္တလေးတိုင်းဒေသကြီး အနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည်ဟု ထပ်မံအကြံပြုထားသည်။


ခရီးသွားများလည်ပတ်မှု လွယ်ကူအဆင်ပြေစေရေး သတင်းအချက်အလက်များရှာဖွေနိုင်ရင် Digital Platform များကို အင်္ဂလိပ် ၊ တရုတ် ၊ ကိုရီးယား ဘာသာစကားများဖြင့် စီစဉ်ရန် လိုအပ်ကြောင်း သိရသည်။


ခရီးသည်များ လည်ပတ်မှု လွယ်ကူအဆင်ပြေစေရေးအတွက် ခရီးစဉ်ဒေသနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်များ၊ စည်းမျဉ်းစည်းကမ်းများကိုပါ ထည့်သွင်းအသိပေးရန် လိုအပ်သည်ဟု သိရသည်။


အင်တာနက် စာမျက်နှာများ၊ သက်ဆိုင်ရာ ပို့ဆောင်ရေးလမ်းကြောင်းရှိ ဝင်ပေါက် ထွက်ပေါက်များ၊ သွားရောက်လည်ပတ်မှုများသည့် နေရာဒေသများတွင် အသိပေး ဆိုင်းဘုတ်များ တပ်ဆင်ထားခြင်း ဆောင်ရွက်သင့်ကြောင်း သိရသည်။ လိုက်နာရမည့် အချက်အလက်များ၊ စည်းမျဉ်းစည်းကမ်းများကို ကြိုတင်အသိပေးထားသော်လည်း လိုက်နာမှုမရှိသည့် ခရီးသွားများကို အရေးယူရန် ပြင်ဆင်ဆောင်ရွက်ထားသင့်သည်ဟု ဦးသန့်ဇော်က ပြောသည်။


‘ဈေးကွက်ပြောင်းလဲမှုအပေါ် ပြင်ဆင်မှု အားနည်းတဲ့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ခရီစဉ်ဒေသ အချို့နေရာတွင် ၂၀၁၈-၂၀၁၉ ခရီးသွားရာသီမှာ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်ပေါ်ခဲ့တာတွေက ထင်ရှားတဲ့ ဥပမာတွေဖြစ်ပါတယ်’ဟု မြန်မာနိုင်ငံ ခရီသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇော်က ပြောသည်။


တိုးတက်လာသော ခရီသွား အရေအတွက်အရ လိုအပ်လာသော အခြေခံအဆောက်အအုံများ ကြိုတင်ပြင်ဆင်ဆောက်ရွက်ရန် လိုအပ်နေသည်ဟု ခရီသွားလုပ်ငန်းနှင့် ဆက်စပ်သူများက ဆိုသည်။


ဝင်ကြေးကောက်ခံရာ နေရာများတွင် ဝန်ထမ်းလုံလောက်စွာ ထားရှိခြင်း၊ ယဉ်ရပ်နားရန် နေရာများ စနစ်တကျ ပြင်ဆင်သတ်မှတ်ရန်၊ ရေကြောင်းခရီးစဉ်များတွင် လုံခြုံမှုရှိသော၊ စနစ်ကျသော အစီစဉ်များ ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။


ငွေကြေးသုံးစွဲမှုဆိုင်ရာ လွယ်ကူအဆင်ပြေစေရန် အကြွေးဝယ်ကတ်၊ ATM စက်များ လိုအပ်ခြင်း၊ နိုင်ငံတကာသုံး ငွေကြေးများကို မြန်မာကျပ်ငွေသို့ လဲလှယ်ရာတွင် အခက်ခဲများ ရှိနေသည်ဟု သိရသည်။


‘အမေရိကန်ဒေါ်လာကို  မြန်မာငွေလဲလှယ်ရာမှာ ငွေစက္ကူ အစစ်အမှန် ဖြစ်ပေမယ့် အစွန်းအထင်းပါတာ၊ ဟောင်းနွမ်းတာ မဟုတ်ဘဲ ခေါက်ရိုးကျိုးနေတာကိုပဲ တရားဝင်ငွေကြေး လဲလှယ်မှု လုပ်ငန်းနဲ့ ဘဏ်တွေက လက်မခံခြင်းဟာ ခရီးသွားလုပ်ငန်းက ရရှိလာတဲ့ ဝင်ငွေကို တားဆီးနေခြင်းပဲဖြစ်ပါတယ်။ ဒါတွေကိုလည်း စိစစ်ပြင်ဆင်ပေးသင့်ပါတယ်’ ဟု ဦးသန့်ဇော်က ပြောသည်။


မန္တလေးတိုင်းဒေသကြီးအတွင်း ပိုင်ဆိုင်ထားသော ခရီးသွားလုပ်ငန်းဆိုင်ရာ အရင်းအမြစ်များကို စနစ်တကျ အသုံးချပြီး ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်သင့်ကြောင်း၊ လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း ဟန်ချက်ညီ ဆောင်ရွက်သင့်ကြောင်း အကြံပြုပြောကြားသည်။


အိမို့မို့ခိုင်