မောင်လူအေး(လူငယ်ရေးရာ)
မျက်မှောက်ကာလ နိုင်ငံတကာဆက်ဆံရေးတွင် ကမ္ဘာ့အစီအစဉ် သို့မဟုတ် ကမ္ဘာ့အခင်းအကျင်းသည် အရေးပါသော အယူအဆတစ်ရပ် ဖြစ်လာပါသည်။ ကမ္ဘာ့အစီအစဉ်ဆိုသည်မှာ ကမ္ဘာ့နိုင်ငံများအကြား အာဏာခွဲဝေမှုနှင့် ဆက်ဆံရေးပုံစံများကို သတ်မှတ်ပေးသည့် နိုင်ငံတကာစနစ်တစ်ခု ဖြစ်သည်။
ကမ္ဘာ့အစီအစဉ်သည် နိုင်ငံများအကြားရှိ အာဏာခွဲဝေမှု၊ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံရေးစနစ်များ၏ စုပေါင်းဖွဲ့စည်းပုံတစ်ခုဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးတွင် လိုက်နာကျင့်သုံးကြသည့် သဘောတူညီမှုတစ်ရပ်ဖြစ်သည်။ ယင်းအစီအစဉ်သည် ကမ္ဘာ့နိုင်ငံရေးစနစ်၏ လည်ပတ်ပုံကို သတ်မှတ်ပေးပြီး နိုင်ငံများအကြား ဆက်ဆံရေးကို ထိန်းညှိပေးနေခြင်းဖြစ်သည်။ ကမ္ဘာ့အစီအစဉ်သည် နိုင်ငံများအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ထိန်းညှိပေးပြီး နိုင်ငံတကာတည်ငြိမ်မှုကိုလည်း အထောက်အကူဖြစ်စေပါသည်။
နိုင်ငံတကာဆက်ဆံရေးပညာရှင်များ၏ အယူအဆအရ ကမ္ဘာ့အစီအစဉ်၏ ဖွဲ့စည်းပုံသည် နိုင်ငံများ၏ နိုင်ငံ့စွမ်းအားခွဲဝေမှုအပေါ်တွင် အဓိကအခြေခံထားခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စွမ်းအားကို နိုင်ငံ့စွမ်းအားဟုသတ်မှတ်ပြီး ထိုစွမ်းအားသည် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများကို အကောင်အထည်ဖော်နိုင်ရန် မရှိမဖြစ်လိုအပ်သော အရင်းအမြစ်များနှင့် စွမ်းရည်များ ဖြစ်ပါသည်။ နိုင်ငံ့စွမ်းအားသည် မိမိနိုင်ငံ၏ ရည်မှန်းချက်များကို အောင်မြင်စေရန် အခြားနိုင်ငံများအပေါ် လွှမ်းမိုးနိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။ ယနေ့ကမ္ဘာ့အခင်းအကျင်းသည် စစ်ရေး၊ စီးပွားရေး၊ နည်းပညာနှင့် သံတမန်ရေး စွမ်းအားများကို ပိုင်ဆိုင်သောနိုင်ငံများ၏ သြဇာလွှမ်းမိုးမှုအပေါ်မူတည်၍ ပြောင်းလဲနေခြင်းဖြစ်ရာ မြန်မာလူငယ်များအနေဖြင့် မျက်မှောက်ခေတ်ကမ္ဘာ့အစီအစဉ်ကို နားလည်သဘောပေါက်ကာ မိမိနိုင်ငံ၏ နိုင်ငံ့စွမ်းအား တစ်နည်းအားဖြင့် ပြည်တွင်းအား ခိုင်မာအားကောင်းလာစေရေး အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတကာဆက်ဆံရေး သီအိုရီများအရ ကမ္ဘာ့အစီအစဉ်ကို အာဏာခွဲဝေမှုအပေါ်အခြေခံ၍ အမျိုးအစားသုံးမျိုး ခွဲခြားနိုင်သည်။ ပထမအမျိုးအစားမှာ Unipolar World Order ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံတည်းကသာ အင်အားအကြီးဆုံးအဖြစ် ကမ္ဘာ့နိုင်ငံရေးကို လွှမ်းမိုးချုပ်ကိုင်နေသော စနစ်ဖြစ်သည်။ ဥပမာအားဖြင့် စစ်အေးတိုက်ပွဲအပြီး ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် အမေရိကန်နိုင်ငံသည် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ဒုတိယအမျိုးအစားမှာ Bipolar World Order ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ သို့မဟုတ် အုပ်စုတစ်စုက လွှမ်းမိုးလာမှုကို တားဆီးကာကွယ်ရန် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြား အာဏာခွဲဝေထားသော စနစ်ဖြစ်သည်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအပြီး အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့အကြား ဖြစ်ပေါ်ခဲ့သော စစ်အေးတိုက်ပွဲကာလသည် Bipolar System ၏ နမူနာတစ်ခုဖြစ်သည်။
တတိယအမျိုးအစားမှာ Multipolar World Order ဖြစ်ပြီး အင်အားကြီးနိုင်ငံများနှင့် အင်အား ကြီးထွားလာသည့်နိုင်ငံများ များစွာပါဝင်နေသော စနစ်ဖြစ်သည်။ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေးသည် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဥရောပသမဂ္ဂနှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်လာခြင်းကြောင့် Multipolar World Order သို့ တဖြည်းဖြည်း ပြောင်းလဲလာနေသည်ဟု သုံးသပ်နိုင်သည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းအင်အားကြီးနိုင်ငံအဖြစ် တက်လှမ်းလာမှု၊ ရုရှား၏ ဩဇာပြန်လည် ထူထောင်မှုနှင့် အိန္ဒိယကဲ့သို့သော ထွန်းသစ်စနိုင်ငံများ၏ အခန်းကဏ္ဍက ကမ္ဘာ့အစီအစဉ်ကို ပုံဖော်လျက်ရှိပါသည်။ ထို့ပြင် NATO၊ EU၊ BRICS၊ SCO၊ အာဆီယံ၊ အာဖရိကသမဂ္ဂ စသည့် အဖွဲ့အစည်းများ အားကောင်းလာခြင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကြောင့် ကမ္ဘာ့အစီအစဉ်သည် စစ်အေးကာလကဲ့သို့ အင်အားကြီး နှစ်နိုင်ငံအပေါ်တွင်သာ မှီတည်မနေဘဲ ဒေသတွင်း အဖွဲ့အစည်းများ၏ စွမ်းအားပေါ်တွင်လည်း အင်အားချိန်ခွင်လျှာ ပြောင်းလဲလာခြင်းဖြစ်သည်။
ကမ္ဘာ့အစီအစဉ်သည် နိုင်ငံများ၏ စွမ်းအားပေါ်မူတည်၍ ပြောင်းလဲနေသည့် သဘောတရားတစ်ခု ဖြစ်သည်။ ယခင်က နိုင်ငံ့စွမ်းအားကို စစ်အင်အားဖြင့်သာ တိုင်းတာခဲ့သော်လည်း ယနေ့ခေတ်တွင် နိုင်ငံ့စွမ်းအား၏အဓိပ္ပာယ်မှာ ပိုမိုကျယ်ပြန့်လာသည်။ နိုင်ငံတကာဆက်ဆံရေးပညာရှင်များ၏ အဆိုအရ နိုင်ငံ့စွမ်းအားကို အဓိကအားဖြင့် အောက်ပါအချက်များဖြင့် တိုင်းတာနိုင်ပါသည်-
ပထဝီဝင်အခြေအနေ
နိုင်ငံ၏တည်နေရာ၊ နယ်မြေအကျယ်အဝန်း၊ မြေမျက်နှာသွင်ပြင်အနေအထား၊ ရာသီဥတုတည်ရှိမှုအခြေအနေနှင့် သဘာဝသယံဇာတတည်ရှိမှုတို့သည် နိုင်ငံ့စွမ်းအား၏ အခြေခံအချက်များဖြစ်သည်။ ပထဝီဝင်အခြေအနေကောင်းမွန်သော နိုင်ငံများ၊ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျ သည့် နိုင်ငံများသည် စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့အတွက် အခွင့်အလမ်းများ ပိုမိုရရှိနိုင်သည်။
လူဦးရေနှင့် လူ့စွမ်းအားအရင်းအမြစ်
လူဦးရေများပြားခြင်းနှင့် ကျန်းမာကြံ့ခိုင်၍ ပညာရေးအဆင့်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များ၊ အလုပ်လုပ်နိုင်သည့် အသက်အရွယ်အုပ်စုများပြားခြင်းတို့သည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသည့်အချက်များဖြစ်သည်။
စီးပွားရေးစွမ်းအား
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေးစွမ်းအားများကို အထောက်အကူပြုသည်။ GDP၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းများသည် စီးပွားရေးစွမ်းအားကို တိုင်းတာရာတွင် အရေးကြီးသောအချက်များဖြစ်သည်။
စစ်ရေးစွမ်းအား
တပ်မတော်၏ အင်အား၊ နည်းပညာနှင့် စစ်ဆင်ရေးစွမ်းရည်များသည် နိုင်ငံ့လုံခြုံရေးနှင့် နိုင်ငံတကာအဆင့်တွင် သြဇာသက်ရောက်မှုရှိစေသည်။
သိပ္ပံနှင့်နည်းပညာစွမ်းအား
နည်းပညာတိုးတက်မှု (ဥပမာ-Digital၊ AI၊ Cyber)သည် စီးပွားရေးနှင့် စစ်ရေးစွမ်းအားများကို တိုးတက်စေပြီး နိုင်ငံတကာယှဉ်ပြိုင်နိုင်မှုတွင် အရေးပါသောအချက်တစ်ခုဖြစ်သည်။
Soft Power
Soft Power ဆိုသည်မှာ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ နိုင်ငံတကာဆက်ဆံရေး၊ သံတမန် ဆက်ဆံရေးနှင့် အတွေးအခေါ်များမှတစ်ဆင့် အခြားနိုင်ငံများကို သြဇာသက်ရောက်စေနိုင်သော စွမ်းအားဖြစ်သည်။
တစ်နည်းအားဖြင့် စီးပွားရေးစွမ်းအား၊ စစ်ရေး စွမ်းအားတို့သည် Hard Power ဖြစ်ပြီး ပညာရေး၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစိတ်ဓာတ်၊ သံတမန်ဆက်ဆံရေး စသည်တို့ကို Soft Power ဟု သတ်မှတ်ကာ Hard Power နှင့် Soft Power ပေါင်းစပ်ထားသည့်စွမ်းရည်သည် Smart Power ဖြစ်ပါ သည်။ ထို့ပြင် သတင်းအချက်အလက် နည်းပညာကိုအသုံးပြု၍ အခြားနိုင်ငံများ၏ ပြည်တွင်းရေးနှင့် လူထုသဘောထားကို လွှမ်းမိုးနိုင်ခြင်းသည် Sharp Power ဖြစ်သည်။ Multi-polarity စနစ်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ပါဝင်လာခြင်းကြောင့် ကမ္ဘာ့ရေးရာများတွင် တရားမျှတစွာ ဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်နိုင်ခြင်း၊ နိုင်ငံတစ်နိုင်ငံတည်း၏စွမ်းအားဖြင့် ဖြေရှင်း၍မရဘဲ စုပေါင်းစွမ်းအားဖြင့် ဖြေရှင်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရှိနိုင်မည်ဖြစ်သော်လည်း ပိုမိုတရားမျှတမှုရှိသည့် ကမ္ဘာကြီးဖြစ်လာမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။
Multipolar အရွေ့တွင် အင်အားကြီးနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ အကျိုးစီးပွား ပြိုင်ဆိုင်မှုများ၊ အုပ်စုဖွဲ့ခြင်းများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နိုင်ငံငယ်များအဖို့ မိမိတို့၏ အချုပ်အခြာအာဏာမဆုံးရှုံးစေရန် ယခင်ကထက် ပိုမိုခက်ခဲစွာရုန်းကန်နေရခြင်းကိုလည်း လက်ရှိ ဖြစ်ပေါ်နေသော အမေရိကန်၏ ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့အပေါ် ကျူးကျော်တိုက်ခိုက်သည့် အရေးကိစ္စများက သက်သေခံလျက်ရှိပါသည်။
အနာဂတ်ကမ္ဘာ့အခင်းအကျင်းသည် နိုင်ငံ့စွမ်းအား တိုးတက်ပြောင်းလဲမှုများကြောင့် ဆက်လက်ပြောင်းလဲနေဦးမည်ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှင့် နည်းပညာတိုးတက်မှုများသည် ကမ္ဘာ့စွမ်းအားခွဲဝေမှုကို ပြောင်းလဲစေပြီး Multipolar World Order သို့ ဦးတည် လျက်ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံ့စွမ်းအားသည် နိုင်ငံတစ်နိုင်ငံအတွက် အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင်များအပေါ် လိုအပ်သလို ပုံဖော်နိုင်စွမ်းရှိသည့် စွမ်းရည်ဖြစ်ပြီး အခြားနိုင်ငံများ၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များအပေါ် လွှမ်းမိုးနိုင်စွမ်းရှိခြင်းလည်း ဖြစ်ပါသည်။ နိုင်ငံ့စွမ်းအားသည် နိုင်ငံ၏ တည်ရှိမှု၊ အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အဓိကကျသည့် မောင်းနှင်အားတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများသည် မိမိတို့၏ နိုင်ငံ့စွမ်းအားတိုးတက်စေရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။ နိုင်ငံ့စွမ်းအားခိုင်မာအားကောင်းမှသာ ကမ္ဘာတည်သရွေ့ မိမိနိုင်ငံနှင့်လူမျိုး ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် မည်သည့်အခြေအနေတွင်မဆို အချုပ်အခြာ အာဏာကို ထိပါးမခံရစေရေးအတွက် ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
လက်ရှိကမ္ဘာ့အစီအစဉ်သစ်ဖြစ်သည့် Multi-polar World Order သည် ကမ္ဘာ့နိုင်ငံကြီးများအကြား အကျိုးစီးပွားပြိုင်ဆိုင်မှုနှင့်အတူ မည်သည့်ခေတ်ကာလနှင့်မျှမတူသည့် အင်အားကြီးသူ အနိုင်ယူမည်(Might is Right) ဆိုသည့် အခင်းအကျင်းတစ်ရပ်အဖြစ် တတိယကမ္ဘာစစ်သို့ ဦးတည်လျက်ရှိသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့ဖြင့် တစ်ဖက်သတ်ဖိအားပေးကာ ဩဇာခံအဖြစ် လွှမ်းမိုးချုပ်ကိုင်လျက်ရှိသည်ကိုလည်း ကြုံတွေ့နေရပါသည်။ ၎င်းတို့ လိုလားသည့် အယူဝါဒ၊ နိုင်ငံရေးစနစ်ကို လိုက်နာကျင့်သုံးခြင်းမရှိသည့် နိုင်ငံငယ်များအပေါ် စွပ်စွဲပြစ်တင်ခြင်း၊ စီးပွားရေးပိတ်ဆို့ခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိအောင် ဖယ်ကြဉ်ထားခြင်းအပြင် တတိယအဖွဲ့အစည်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံကို အသုံးချ၍ Proxy War အသွင် ဖော်ဆောင်ကာ ဖိအားပေးအကျပ်ကိုင်ခြင်းများကိုလည်း ကြုံတွေ့နေရခြင်းဖြစ်သည်။
မိမိတို့မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသကို ဆက်သွယ်ပေးထားသည့် Land Bridge ဖြစ်သည့်အပြင် ကမ္ဘာ့လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးအင်အား ဒုတိယအကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံတို့အကြား တည်ရှိနေသည့်အတွက် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျသည့် အနေအထားဖြစ်ရာ ၎င်းအားသာချက်များကို ပါးနပ်စွာအသုံးချ၍ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်သွားရမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ၂၀၄၇ ခုနှစ်တွင် လည်းကောင်း၊ တရုတ်နိုင်ငံသည် ၂၀၄၉ ခုနှစ်တွင် လည်းကောင်း ဖွံ့ဖြိုးပြီးနိုင်ငံ (Fully Developed Country) ဖြစ်ရန် ရည်မှန်းချက်ထားရှိကာ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လိုက်ပါစီးမျောကာ အကျိုးရှိစွာ အသုံးချနိုင်ရမည်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့အခင်းအကျင်းသစ်တွင် အင်အားကြီးနိုင်ငံများ၏ အသုံးချခံအင်အားပြိုင်ဆိုင်သည့် နေရာအဖြစ် မကျရောက်စေရေးအတွက် အမြော်အမြင်၊ သတိကြီးစွာထား၍ လိမ္မာပါးနပ်စွာဖြင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်တတ်ဖို့ လိုအပ်မည်ဖြစ်သည်။
အမျိုးသားအကျိုးစီးပွားသည် နိုင်ငံတစ်နိုင်ငံ၏ ရပ်တည်မှု၊ အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် အခြေခံအကျဆုံး ရည်မှန်း ချက်ဖြစ်ပြီး နိုင်ငံ၏အမျိုးသားအဆင့် မဟာ ဗျူဟာများချမှတ်ခြင်းနှင့် နိုင်ငံခြားရေးမူဝါဒချမှတ်ခြင်းတို့အပေါ် အဓိကသက်ရောက်မှုရှိပါသည်။ နိုင်ငံ တစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ရာတွင် နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့သည် အမြဲတမ်းအကျိုးစီးပွားဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့သည် အဓိကအကျိုးစီးပွားများဖြစ်ကာ အခြား နိုင်ငံတကာရေးရာကိစ္စရပ်များသည် အစွန်အဖျား အကျိုးစီးပွားများ ဖြစ်ကြပါသည်။
ပြောင်းလဲနေသော နိုင်ငံတကာအခြေအနေများအောက်တွင် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရာ၌ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားများနှင့် ချိန်ညှိဆောင်ရွက်တတ်ရန်လည်း အရေးကြီးလှပါသည်။ မျိုးဆက်သစ်လူငယ်များအနေဖြင့် မျက်မှောက်ကမ္ဘာ့အခြေအနေနှင့် ပြည်တွင်း အခြေအနေများကို သိရှိနားလည်ပြီး မိမိနိုင်ငံ၏အမျိုး သားအကျိုးစီးပွားဖြစ်ထွန်းစေရေး မှန်ကန်စွာ တွေးခေါ်မြော်မြင်တတ်ရန် လိုအပ်ပါသည်။
အမျိုးသားကာကွယ်ရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့မှုနှင့် အမျိုးသားအကျိုးစီးပွားကာကွယ်ရေးတို့ကို ဖော်ဆောင်ခြင်းဖြစ်ပါသည်။ မိမိနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုပေးနိုင်ရေးနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို မည်သည့်အခြေ အနေမျိုးတွင်မဆို ထိပါးမခံရစေရေးသည် အမျိုးသားကာကွယ်ရေး၏ အနှစ်သာရပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် နိုင်ငံ့စွမ်းအား၊ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားကာကွယ်ရေးတို့သည် အပြန်အလှန်အမှီသဟဲ ပြုလျက်ရှိပါသည်။
အမျိုးသားအကျိုးစီးပွားသည် နိုင်ငံတော်၏ မဟာဗျူဟာမြောက် ရည်မှန်းချက်ပန်းတိုင်များကို ဖော်ဆောင်ပေးနေခြင်းဖြစ်ပြီး အဆိုပါရည်မှန်းချက် ပန်းတိုင်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံ့စွမ်းအားသည် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်ပါသည်။ ထို့အတူ နိုင်ငံ့စွမ်းအား တောင့်တင်းခိုင်မာစေရေးအတွက် အမျိုးသားကာကွယ်ရေးစွမ်းအားသည် အဓိကထောက်တိုင် တစ်ခုဖြစ်ပါသည်။ သို့ဖြစ်ရာ အမျိုးသားကာကွယ်ရေးစွမ်းအားကို ခိုင်မာအားကောင်းအောင် တည်ဆောက်ခြင်းဖြင့် နိုင်ငံ့စွမ်းအားကို မြှင့်တင်ပြီး အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရာတွင် ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါသည်။
အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုသည် အဓိကကျသည့် ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ နိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို မြှင့်တင်ပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ ကျန်းမာကြံ့ခိုင်သော ပညာတတ်နိုင်ငံသားများဖြင့်သာ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အပြည့်အဝဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရာတွင် ရေတိုမျှော်မှန်းချက်များထက် ရေရှည်မျှော်မှန်းချက်များ ချမှတ်ကာ မဟာဗျူဟာ၊ နည်းဗျူဟာများ ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ စုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းခန့်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား လူငယ်များ ဖြစ်ကြပါသည်။ အသက် ၁၅ နှစ်မှ ၆၄ နှစ်ကြား အလုပ်လုပ်နိုင်သောအရွယ်သည် စုစုပေါင်းလူဦးရေ၏ ၆၆ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိလာပြီး ယင်းသည် မြန်မာ့သမိုင်းတွင် အမြင့်ဆုံးအချိုးအစားဖြစ်ပါသည်။ သို့ဖြစ်ရာ လူငယ်များကို ဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည်ဖြစ်သည်။
လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အတက်ကြွဆုံးနှင့်အင်အားအကောင်းဆုံး လူ့စွမ်းအားအရင်းအမြစ်များဖြစ်ရာ ယနေ့ကမ္ဘာ့အခင်းအကျင်းကို နားလည်သဘောပေါက်ပြီး မိမိနိုင်ငံနှင့် လူမျိုးအတွက် အကျိုးမပြုသည့် အတွေးအခေါ်များ၊ လုပ်ဆောင်ချက်များကို ရှောင်ကြဉ်၍ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အပြည့်အဝဖော်ဆောင်နိုင်ရေးတန်ဖိုးရှိသည့် နိုင်ငံ့အင်အားစုများအဖြစ် အကောင်းဆုံးပူးပေါင်းဆောင်ရွက်ရမည့် အချိန် အခါဖြစ်ပါသည်။ အင်အားကြီးနိုင်ငံများ၏ ခြယ်လှယ်မှုကို မခံရစေရေး၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ အပြန်အလှန်လေးစား ယုံကြည်မှုရရှိစေရေးအတွက် နိုင်ငံ့စွမ်းအား ခိုင်မာအားကောင်းအောင် ဝိုင်းဝန်းတည်ဆောက်ကြရမည်ဖြစ်သည်။
ပြောင်းလဲနေသည့် ကမ္ဘာ့အခင်းအကျင်းသစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် စိန်ခေါ်မှုများစွာ ရှိနေသကဲ့သို့ တစ်ပြိုင်တည်းတွင် အခွင့်အလမ်းများစွာလည်းရှိနေခြင်းဖြစ်ရာ လူငယ်များအပါအဝင် နိုင်ငံသားအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ လူငယ်များအား နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအင်အားစုအဖြစ် ပါဝင်လာနိုင်စေရေးအတွက် ရင်းနှီးမြှုပ်နှံရမည့် အချိန်အခါကောင်းဖြစ်ပါသည်။
လက်ရှိမြန်မာနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း လွှတ်တော်၊ အစိုးရသစ်နှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ပုံဖော်တည်ဆောက်တော့မည်ဖြစ်ပါသည်။ ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူမှုသဟဇာတဖြစ်ရေးနှင့် စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်ပြိုင်နက်တည်း ဖြေရှင်းဆောင်ရွက်သွားရမည့် ရေရှည်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ လူဦးရေ၏ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သော လူငယ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ရာ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ စနစ်တကျ ပူးပေါင်းပါဝင်နိုင်မည့် ပလက်ဖောင်းတစ်ခု တည်ဆောက်ပေးခြင်းဖြင့် ရေရှည်တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
အနာဂတ်မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတွင် လူမှုသဟဇာတဖြစ်စေရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်များအတွက်လည်း အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်လာနိုင်ပါသည်။ အချုပ်အားဖြင့် ဖြစ်ပေါ်ပြောင်းလဲလာသည့် ကမ္ဘာ့အစီအစဉ်သစ်တွင် မျိုးဆက်သစ် လူငယ်များက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝရတည်တံ့ခိုင်မြဲနေစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။


