သူရဖြိုး
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည်
အာယုဝဎ္ဍုန ဆေးညွှန်းစာကို
ဇလွန်ဈေးဘေး ဗာဒံပင်ထက်
အဓိဋ္ဌာန်လျက် ဂဃနဏ ဖတ်ခဲ့သည်။
အထက်ပါစာကြောင်းမှာ ယခုတလောတွင် ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်၌ အတွေ့ရများနေသော စာတစ်ကြောင်းဖြစ်သည်။ ထိုစာကြောင်းကို မြန်မာကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သူ ကိုမောင်ဆန်းက လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကပင် စဉ်းစားဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ်စာတွင်ရှိသော အက္ခရာ A မှ Z အထိ ပါသည့် The quick brown fox jumps over the lazy dog ဟူသည့် စာကြောင်းကဲ့သို့ အထက်ပါ စာကြောင်းမှာလည်း မြန်မာအက္ခရာအားလုံးပါသည့် စာကြောင်းဖြစ်သည်။ အက္ခရာ ၃၃ လုံးစလုံး ပါသည့်အပြင် အခြေခံ မြန်မာစာ သရများဖြစ်သော ပင့်၊ ရစ်၊ ဆွဲ၊ ထိုး စသည်တို့လည်း ပါဝင်သည်။
အောက်တိုဘာ ၁ ရက်မှစ၍ မြန်မာတစ်နိုင်ငံလုံးတွင် ယူနီကုဒ်ကို ပြောင်းလဲ၍ အသုံးပြုကြတော့မည်ဖြစ်ရာ ယခုအချိန်အထိ ဇော်ဂျီကို သုံးစွဲနေကြပြီး ယူနီကုဒ် လက်ကွက်ကို မရိုက်တတ်သေးသူများက ယူနီကုဒ်ကို စမ်း၍ရိုက်ကြသည့်အခါ အက္ခရာအားလုံးကို အစုံအလင် စမ်းရိုက်နိုင်သော ထိုစာကြောင်းကို ယခုရက်ပိုင်းတွင် ဖေ့စ်ဘုတ်ပေါ်၌ အတွေ့ရများလာခြင်းဖြစ်သည်။
ယူနီကုဒ်ဆိုသည်မှာ
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းစုံမှ ဘာသာစကားပေါင်းစုံကို ကွန်ပျူတာပေါ်တွင်ဖြစ်စေ၊ မိုဘိုင်းကိရိယာများပေါ်တွင်ဖြစ်စေ၊ ပရိုဂရမ်များတွင်ဖြစ်စေ စာအဖြစ်ရေးသည့်အခါ ကွန်ပျူတာနှင့် မိုဘိုင်းကိရိယာများ၏စနစ်က ထိုစာလုံးများကို နားလည်စေရန်အတွက် စာလုံးတစ်လုံးချင်းစီကို ကုဒ်နံပါတ်များ သတ်မှတ်ထားပေးသောစနစ်ကို ယူနီကုဒ်ဟုခေါ်ခြင်းဖြစ်သည်။ မျက်မြင်တွင် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများသည် အက္ခရာစာလုံးများကို အသုံးပြုနေသော်လည်း ယေဘုယျအားဖြင့် ကွန်ပျူတာစနစ်များသည် ကိန်းဂဏန်းများကိုသာ နားလည်သည်ဟု ဆိုနိုင်သည်။ ဥပမာ အင်္ဂလိပ်အက္ခရာစာလုံး A ကို ကွန်ပျူတာက ကုဒ်နံပါတ်အနေဖြင့် U 0041 ဟုသာ နားလည်သည်။ မျက်မြင်တွင် A ကို A ဟု မှတ်သည်ဟုသာ မြင်ရသော်လည်း ကွန်ပျူတာစနစ်က A ၏ ကုဒ်နံပါတ်ကိုသာ မှတ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် ဘာသာစကားပေါင်းစုံမှ စာလုံးပေါင်းများစွာကို ကွန်ပျူတာများတွင် မှတ်သားသိမ်းဆည်းသည့် အခါတွင်လည်း ကွန်ပျူတာက နားလည်စေရန် ထိုဘာသာစကားပေါင်းစုံမှ စာလုံးတစ်လုံးချင်းစီကို မတူညီသော ကုဒ်နံပါတ်များ တစ်ခုစီ သတ်မှတ်ပေးရန် လိုအပ်လာသည်။ ထိုသို့ သတ်မှတ်ခြင်းကို ISO စံဖြင့် Unicode Consortium ဟူသည့် အဖွဲ့အစည်းကြီးက ပြုလုပ်သည်။
မြန်မာနိုင်ငံအတွက်ဆိုလျှင် မြန်မာစာအတွက်သာမက မွန်၊ ကရင်၊ ကယား၊ ရှမ်းနှင့် ပလောင် ဘာသာစကားများအတွက်ပါ Codepoint များ ရရှိထားသလို ပါဠိနှင့် သက္ကတအတွက် Codepoint များလည်း ရရှိထားပြီးဖြစ်သည်။ ယူနီကုဒ်စနစ်တွင် မြန်မာအက္ခရာ တစ်လုံးချင်းစီနှင့် တိုင်းရင်းသားစာ စာလုံးများအတွက် Codepoint များကို U 1000 မှ U 109F အတွင်း သီးခြားသတ်မှတ်ပေးထားသည်။ ထို့အပြင် U AA60 မှ U AA7F အထိလည်းကောင်း၊ U A9E0 မှ U A9FE အထိလည်းကောင်း ထပ်တိုးအက္ခရာစာရင်းဖြင့် Codepoint များ ထပ်တိုးပေး ထားသည်။
ပြည်ထောင်စုဖောင့်ဆိုသည်မှာ
ယူနီကုဒ်ဆိုသည်မှာ ဖောင့်(Font) တစ်ခုမဟုတ်ဘဲ စနစ်တစ်ခု၊ စံသတ်မှတ်ချက် တစ်ခုသာဖြစ်ပြီး ထိုစနစ်အတိုင်း၊ စံသတ်မှတ်ချက်အတိုင်း လိုက်နာထားသော မည်သည့်ဖောင့်ကိုမဆို ယူနီကုဒ်ဖောင့်ဟု သတ်မှတ်နိုင်သည်။ ပြည်ထောင်စုဖောင့်သည် ယူနီကုဒ်စံနှုန်းများကို အပြည့်အဝ လိုက်နာထားသော ဖောင့်ဖြစ်သည်။ ယူနီကုဒ်ကို ပြောင်းလဲအသုံးပြုကြတော့မည်ဆိုသည့်အခါ လူသိများသောဖောင့်မှာလည်း ပြည်ထောင်စုဖောင့်ပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်ထောင်စုဖောင့် မတိုင်မီကပင် ယူနီကုဒ်စနစ်၊ ယူနီကုဒ် စံနှုန်းကို လိုက်နာထားသောဖောင့်များ ရှိခဲ့ကာ လူသိအများဆုံးမှာ Myanmar 2 နှင့် Myanmar 3 တို့ဖြစ်သည်။ Myanmar 3 သည် ယူနီကုဒ်စံနှုန်းများနှင့် အပြည့်အဝကိုက်ညီသော်လည်း အားနည်းချက်အချို့ရှိခဲ့ပြီး ပြည်ထောင်စုဖောင့်မှာ Myanmar 3 ကို အဆင့်မြှင့်ကာ ထိုအားနည်းချက်အားလုံးကို ဖယ်ရှား၍ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်သော ဖောင့်အမျိုးအစား ဖြစ်လာခဲ့သည်။ Myanmar 4 ဟု မခေါ်ဘဲ ပြည်ထောင်စုဟု ပြောင်းလဲခေါ်ဝေါ်ခြင်းဖြစ်သည်။ ပြည်ထောင်စုဖောင့်တွင် Myanmar 3 တွင် မပါဝင်သေးသည့် တိုင်းရင်းသား ဘာသာစကားများလည်း ပါဝင်လာသည်။
ဘာကြောင့် ပြောင်းရမည်လဲ
မြန်မာနိုင်ငံ၌ အွန်လိုင်းပေါ်တွင်သုံးသော မြန်မာစာအဖြစ် ဆယ်စုနှစ်တစ်ခုကျော် ကြာသည့်တိုင်အောင် ဇော်ဂျီဟုခေါ်သော Font ကို အသုံးပြုခဲ့ကြသလို လက်ရှိအချိန်အထိလည်း ဇော်ဂျီသည် လူသုံးများနေဆဲ ဖောင့်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ယူနီကုဒ်စံနှုန်းကို လိုက်နာသောဖောင့်များ မပေါ်ခင်က အင်တာနက်ပေါ်တွင် မြန်မာစာကို အသုံးပြုနိုင်ရန် ဇော်ဂျီဖောင့်ကို ဖန်တီးခဲ့ကြပြီး လတ်တလောလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်၍ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။
ဇော်ဂျီသည် အင်တာနက်ဘရောက်ဇာများက Support လုပ်ခြင်း၊ ယခင်က လူသုံးများသော GTalk တွင် သုံးနိုင်ခြင်း၊ စာစီစာရိုက်လုပ်ငန်းတွင်သုံးသည့် ဝင်းလက်ကွက်များနှင့် ဆင်တူပြီး လွယ်ကူစွာ အသုံးပြုနိုင်ခြင်းစသည့် အားသာ ချက်များရှိသလို အားနည်းချက်များလည်း ရှိနေသည်။ အဓိက အားနည်းချက်မှာ လိုအပ်သော မြန်မာအက္ခရာ စာလုံးများအတွက် ရရှိထားပြီးသော ယူနီကုဒ် Codepoint များပေါ်မှ အသုံးနည်းသေးသည့် တိုင်းရင်းသား ဘာသာစကားများ၏ Codepoint များကို ရယူထားခြင်းဖြစ်သည်။ ဥပမာ - မြန်မာစာထဲမှ (ြ ) သည် မည်သည့်အချိန်တွင်မဆို တစ်မျိုးတည်းသာ ဖြစ်ရမည်ဖြစ်သော်လည်း ဇော်ဂျီတွင် (ြ )နှင့် (ြ ) နှစ်မျိုးဖြစ်နေသည့်အပြင် လုံးကြီးတင်ရန် အထက်ဖွင့်၊ ဝဆွဲထည့်ရန် အောက်ဖွင့် စသည်ဖြင့် (ြ ) တစ်လုံးတည်းအတွက် ပုံစံခြောက်မျိုးခန့် ရှိနေသည့်အခါ Codepoint များ ပို၍ လိုလာသည်။ ထို Codepoint များကို တိုင်းရင်းသားစာများအတွက် ရရှိထားသော Codepoint များထဲမှ ယူသုံးထားသည့်အခါ နောက်ပိုင်းတွင် တိုင်းရင်းသားစာများကို ဖန်တီးရန် အခက်အခဲဖြစ်လာတော့သည်။
ထို့အပြင် စာရိုက်ချိန်တွင် အမြင်အတိုင်းရိုက်သည့်ပုံစံကို အားပေးသောကြောင့် အမှားကို မသိနိုင်ခြင်းမှာလည်း ဇော်ဂျီ၏ အားနည်းချက်တစ်ခုဖြစ်သည်။ ဥပမာ ‘ကို’ ဟူသောစာလုံးကို ရိုက်ပါက (က+ ိ+ ု)ဟု ရိုက်သည်ဖြစ်စေ၊ (က+ ု+ ိ)ဟု ရိုက်သည်ဖြစ်စေ မျက်မြင်တွင် တစ်ပုံစံတည်း ပြသောကြောင့် အမှားကို မသိနိုင်တော့ခြင်းဖြစ်သည်။ ထို့ကြောင့် ကွန်ပျူတာ၏ ရှာဖွေရေးစနစ်များဖြင့် ပြန်ရှာသည့် အခါတွင်ဖြစ်စေ၊ အက္ခရာစဉ်ရာတွင်ဖြစ်စေ အမှန်မရတော့သည့် အားနည်းချက်လည်း ရှိလာသည်။
ပြည်ထောင်စုဖောင့်၏ အားသာချက်များ
ပြည်ထောင်စုဖောင့်သည့် ယူနီကုတ် စံသတ်မှတ်ချက်များကို အပြည့်အဝ လိုက်နာထားသောကြောင့် ဇော်ဂျီတွင် ကြုံတွေ့ရသည့် အားနည်းချက်များ လုံးဝမရှိတော့ဘဲ အဆင်ပြေသွားစေသည်။ ထို့အပြင် ယူနီကုဒ်စံနှုန်းကို Google က လည်း ထောက်ပံ့ပေးနေခြင်းကြောင့် Google ၏ လုပ်ဆောင်ချက်အမျိုးမျိုးကို အသုံးပြုနိုင်မည်ဖြစ်ကာ ရေရှည်တွင် ကွန်ပျူတာသုံး မြန်မာစာစနစ် တိုးတက်ရေး အတွက်လည်း ပြည်ထောင်စုဖောင့်က ရာနှုန်းပြည့် ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ သို့ရာတွင် စတင် ပြောင်းလဲအသုံးပြုချိန်တွင်မူ အဆင်မပြေမှုအချို့ ရှိနိုင်သည်။
အဓိကအချက်မှာ ဇော်ဂျီလက်ကွက်ကို အသားကျနေသူများအဖို့ လက်ကွက်ပုံစံ အပြောင်းအလဲ အနည်းငယ် ရှိနေခြင်းနှင့် အွန်လိုင်းတွင်သုံးသည့်အခါ ကိုယ်က ယူနီကုဒ်သုံးသော်လည်း အခြားသူများက ဇော်ဂျီကိုသာ ဆက်သုံးနေသည့်အခါ တစ်ယောက်၏စာကို တစ်ယောက်က ဖတ်မရခြင်းများ ဖြစ်နိုင်သည်။ ယခင်ကပင် ဇော်ဂျီမှ ယူနီကုဒ်သို့ ပြောင်းသုံးရန် ကွန်ပျူတာပညာရှင်များ၏ တိုက်တွန်းချက်များ ရှိခဲ့သော်လည်း ကိုယ်ရေးသောစာကို သူများဖတ်မရခြင်းက ယူနီကုဒ် ပြောင်းသုံးလိုသူများအတွက် အဓိက ပြဿနာတစ်ခု ဖြစ်နေခဲ့ရာ ယခု အောက်တိုဘာ ၁ ရက် တွင်မူ တစ်နိုင်ငံလုံး ယူနီကုဒ်ပြောင်းရန် နိုင်ငံတော်အစိုးရက ဦးဆောင်လိုက်ခြင်းဖြင့် ထိုပြဿနာကို ပြေလည်စေမည့် အဖြေတစ်ခု ဖြစ်လာနိုင်သည်။
ယူနီကုဒ်သုံးရာတွင် နောက်ထပ် အဆင်မပြေမှုတစ်ခုမှာ ယခုနောက်ပိုင်းတွင် အင်တာနက်ကို အသုံးပြုသူအများစုသည် ကွန်ပျူတာဖြင့်သုံးသည့်အစား ဖုန်းများဖြင့် အသုံးများလာသည့်အခါ ကွန်ပျူတာကဲ့သို့ Window ဗားရှင်းအနည်းငယ်သာ ရှိသည်မဟုတ်ဘဲ ဖုန်းအမျိုးအစားမျိုးစုံ၊ ဖုန်းမော်ဒယ်မျိုးစုံ ဖြစ်နေခြင်းဖြစ်သည်။ ယခုနောက်ပိုင်းထွက်သော ဖုန်းအများစုတွင် ယူနီကုဒ်ကို Built-in အနေဖြင့်ပင် ထည့်သွင်းပေးထားသဖြင့် ပြဿနာမရှိသော်လည်း ယခင်ထွက်ခဲ့သည့် မော်ဒယ်နိမ့် ဖုန်းအချို့မှာ မြန်မာစာ မပါဝင်သဖြင့် ဇော်ဂျီဖောင့် အသုံးပြုနိုင်အောင် ပြုပြင်ထားခြင်း၊ အချို့ဖုန်းများမှာ စဝင်လာကတည်း ယူနီကုဒ်အစား ဇော်ဂျီသာ ပါဝင်နေခြင်း စသည့် အခြေအနေများရှိရာ ထိုသို့ ဖုန်းအမျိုးအစားနှင့် ဖုန်းမော်ဒယ်များအပေါ် မူတည်၍ ယူနီကုဒ်ကို စတင်ပြောင်းလဲ သုံးစွဲရာတွင် နည်းပညာနှင့် အကျွမ်းတဝင် ရှိသူများအဖို့ပင် အဆင်မပြေမှုအနည်းငယ် ရှိနေနိုင်သည်။
ထို့အပြင် ဖေ့စ်ဘုတ်အပါအဝင် ဝက်ဘ်ဆိုက်အချို့သည် ယူနီကုဒ်မှ ဇော်ဂျီ၊ ဇော်ဂျီမှ ယူနီကုဒ် အလိုအလျောက် အပြန်အလှန်ပြောင်းလဲခြင်း (Auto Convert) ကို လုပ်ပေးထားရာ လက်ရှိအချိန်တွင် ဇော်ဂျီသုံးနေသူများသည် ဖေ့စ်ဘုတ်ပေါ်မှ ယူနီကုဒ်ဖြင့်ရေးထားသော စာများကို ဖတ်နိုင်ကြသည်။ ထို့ကြောင့် ယူနီကုဒ်ကို ပြောင်းလဲသည့်အတွက် ထူးခြားသည့်အားသာချက်မရှိဟု အချို့က ယူဆနိုင်သည်။ ထို့အပြင် လူသုံးများသော မိုဘိုင်းအက်ပလီကေးရှင်းအချို့မှာ ဇော်ဂျီကို ထောက်ပံ့နေဆဲဖြစ်၍ ထိုအက်ပလီကေးရှင်းများတွင် ယူနီကုဒ်ဖြင့် အမှန်မမြင်ရသည့် အဆင်မပြေမှု ရှိနိုင်သည်။ ဥပမာ - Joox သည် လက်ရှိအချိန်အထိ ဇော်ဂျီဖောင့်ကိုသာ ထောက်ပံ့ပေးနေရာ ယူနီကုဒ်သို့ ပြောင်းလဲလိုက်ပါက Joox ထဲမှ သီချင်းစာသားများကို အမှန်အတိုင်း မမြင်ရတော့ပေ။
ယူနီကုဒ် ပြောင်းတော့မည်ဆိုလျှင်
ယူနီကုဒ် သို့မဟုတ် ပြည်ထောင်စုဖောင့်ကို စပြောင်းတော့မည်ဆိုလျှင် အဓိက အနေဖြင့် လုပ်ရမည့်အချက်နှစ်ခုမှာ ယူနီကုဒ်နှင့်ဖတ်ရန်နှင့် ယူနီကုဒ်ဖြင့်ရေးရန် ဖြစ်သည်။ ထို့ကြောင့် ကွန်ပျူတာများ၊ ဖုန်းများတွင် ယူနီကုဒ်ကို ဖတ်နိုင်မည့် ယူနီကုဒ်ဖောင့် ရှိရမည်ဖြစ်ပြီး ရေးရန်အတွက်လည်း ယူနီကုဒ်လက်ကွက်တစ်ခုခု ရှိရမည်ဖြစ်သည်။ ထို့အပြင် ယူနီကုဒ်လက်ကွက်ကို ဖုန်းတွင် သွင်းပြီးသည့်တိုင် လက်ကွက်များ၊ ရိုက်နည်းများကို မသိသေးလျှင် ရိုက်နည်းအတွက် လမ်းညွှန်တစ်ခု လိုအပ်မည်ဖြစ်သည်။ ထိုအချက်နှစ်ချက်မှာ ယူနီကုဒ်ကို ယခု စတင်အသုံးပြုရန် အတွက်ဖြစ်ပြီး ယခင်က ဖုန်းထဲတွင် ဇော်ဂျီဖြင့် ရေးသားထားသော မှတ်စုများ၊ Contacts များ၊ သီချင်းနာမည်များကို ဇော်ဂျီမှ ယူနီကုဒ်သို့ ပြန်ပြောင်းလိုပါက Converter တစ်ခုခုကိုလည်း လိုအပ်မည်ဖြစ်သည်။
ယူနီကုဒ်ဖောင့်ကို စတင်အသုံးပြုမည့်သူများ ကြုံတွေ့ရနိုင်သည့် အမျိုးမျိုးသော အဆင်မပြေမှုများအတွက် လိုအပ်သော ဖြေရှင်းချက်များကို နည်းပညာ ကျွမ်းကျင်သူများက အွန်လိုင်းမှ ထောက်ပံ့ပေးလျက်ရှိရာ တစ်နေရာတည်းတွင် လိုအပ်သမျှ အစုံအလင်ရနိုင်သော ဝက်ဘ်ဆိုက်မှာ Unicode Today ဝက်ဘ်ဆိုက်ဖြစ်သည်။ ယခင် ဝက်ဘ်ဆိုက်လိပ်စာမှာ www.unicode.today ဖြစ်ပြီး လက်ရှိလိပ်စာမှာ http://unicodetoday.wpengine.com ဖြစ်ကာ ထိုဝက်ဘ်ဆိုက်တွင် လိုအပ်သော ပြည်ထောင်စုဖောင့်၊ ကီးဘုတ်များ၊ လက်ကွက်ရိုက်နည်းများနှင့် ကွနဗက်တာများကိုသာမက မိမိဖုန်းကို ယူနီကုဒ်ပြောင်းထားပြီးနောက် ဇော်ဂျီဖြင့်ဝင်လာသော မက်ဆေ့အသစ်များကို အလိုအလျောက် ယူနီကုဒ်သို့ ပြောင်းပေးမည့် အက်ပလီ ကေးရှင်းများကိုပါ ဒေါင်းလုပ်ရယူနိုင်သည်။
ဖေ့စ်ဘုတ်ပေါ်တွင်မူ Myanmar Unicode Area Group သည် ယူနီကုဒ်ကို စတင်အသုံးပြုလိုသူများ သိရှိလိုသမျှ မေးခွန်းများကို အကောင်းဆုံး ဖြေကြားပေး၊ အကြံဉာဏ်ပေးနေသော Group တစ်ခုဖြစ်ရာ ထို Group ကိုရှာ၍ ဝင်ထားပြီး ယူနီကုဒ်နှင့်ပတ်သက်သည့် သိကောင်းစရာများကို ဖတ်ရှုနိုင်သလို သိလိုသမျှကိုလည်း မေးမြန်းနိုင်၊ အကူအညီတောင်းနိုင်မည်ဖြစ်သည်။ ထို့အပြင် Let’s use MM Unicode Group သည်လည်း ယူနီကုဒ်ကို ပြောင်းသုံးမည့်သူများအတွက် အကူအညီများပေးနေသည့် Group တစ်ခုဖြစ်သည်။
ပြောင်းလဲအသုံးပြုကြပါစို့
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော ဇော်ဂျီဖောင့်ကြောင့် လူငယ်များစွာသည် ကွန်ပျူတာနှင့် မိုဘိုင်းနည်းပညာများ၊ အခြားဗဟုသုတ စာပေများကို အင်တာနက်ပေါ်တွင် မြန်မာဘာသာဖြင့် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ခဲ့ကြသည်။ ထို့ကြောင့် ဇော်ဂျီသည် မြန်မာလူမျိုး အင်တာနက်အသုံးပြုသူများအပေါ် အတိုင်းအတာတစ်ခုအထိ အကျိုးကျေးဇူးပြုခဲ့သော ဖောင့်တစ်ခုလည်း ဖြစ်ခဲ့သည်။
သို့ရာတွင် အားနည်းချက်များရှိနေသော ဇော်ဂျီဖောင့်ကို ရေရှည် ဆက်လက်အသုံးပြုမည့်အစား ယူနီကုဒ်စံနှုန်းများကို လိုက်နာသည့် ဖောင့်များကို ပြောင်းလဲအသုံးပြုကြခြင်းဖြင့် တိုင်းရင်းသား ဘာသာစကားများကိုပါ အသုံးပြုလာနိုင်ခြင်း၊ နောက်ဆုံးထွက် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများ၏ စက်လည်ပတ်မှုစနစ်များတွင် Built-in မြန်မာစာ ပါဝင်လာခြင်း၊ Google နှင့် ဝီကီ အပါအဝင် ဝက်ဘ်ဆိုက်များကို မြန်မာစာဖြင့် အသုံးပြုနိုင်လာခြင်း၊ Google ၏ ဝန်ဆောင်မှုများဖြစ်သော Google Translate နှင့် Map တို့ကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်လာပြီး နောက်ပိုင်းတွင် မြန်မာစာမှ နိုင်ငံတကာဘာသာများသို့ ကွန်ပျူတာက ဘာသာပြန်ပေးနိုင်သည်အထိ အဆင့်မြင့်လာနိုင်ခြင်း၊ လက်ရေးနှင့် အသံစနစ်များဖြင့် စာရိုက်လာနိုင်ခြင်း စသည့် အားသာချက်များ၊ အကျိုးကျေးဇူးများကို အများအပြား ရရှိစေမည်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူအားလုံးက ယူနီကုဒ်ကို ပြောင်းလဲရန် စိတ်ဝင်စားမှု အမြင့်ဆုံးရှိနေချိန်တွင် နိုင်ငံတော်အစိုးရက သတ်မှတ်ထားသည့် အောက်တိုဘာ ၁ ရက်မှစ၍ ယူနီကုဒ်ကို အားလုံး ပြောင်းလဲအသုံးပြုကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။
မြန်မာ့အလင်း