မြင့်မောင်စိုး
ဒီတစ်ခေါက် တရုတ်ပြည်လေ့လာရေးခရီးစဉ်အတွင်း လေ့လာသိရှိသမျှတွေထဲမှာ မီဒီယာအကြောင်းလည်း ပါပါတယ်။ မီဒီယာတွေနဲ့ပတ်သက်လို့ ပြောကြ၊ ဆိုကြတဲ့အထဲမှာ နယူးမီဒီယာကတော့ ဘုံစကားလို့တောင် ပြောရတော့မှာပဲ။ ဟို သတင်းစာတိုက်ကလည်း နယူးမီဒီယာ၊ ဒီသတင်းစာတိုက်ရောက်ပြန်တော့လည်း နယူးမီဒီယာ၊ နယူးမီဒီယာအကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြပြီကိုး။ ဒါဖြင့် နယူးမီဒီယာဆိုတာဘာလဲ၊ ဘာကြောင့် နယူးမီဒီယာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြတာလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားရမယ့်ကိစ္စတစ်ခု ဖြစ်လာပါတယ်။
ကမ္ဘာတစ်ဝန်း ဖတ်ရှုသူပေါင်း ၁ ဒသမ ၄ ဘီလီယံအထိရှိ
ပေကျင်းမြို့ရှိ ထိပ်တန်းသတင်းစာတိုက်ကြီးဖြစ်တဲ့ People's Daily သတင်းစာတိုက် သွားလေ့လာတော့လည်း နယူးမီဒီယာအကြောင်း ပြောကြ၊ ဆွေးနွေးကြ၊ မေးမြန်းကြနဲ့ နယူးမီဒီယာ (New Media)ဟာ ရေပန်းအစားဆုံးစကားလုံး၊ အသုံးအနှုန်းအများဆုံးစကား ဖြစ်နေပါတယ်။ People's Daily အွန်လိုင်းသတင်းစာရဲ့ ဒုတိယညွှန်ကြားရေးမှူး Mr. Chengliang Wu က ယနေ့ကျွန်တော်တို့ သတင်းစာဟာ သတင်းစာတစ်မျိုးတည်း ထုတ်ဝေနေတာ မဟုတ်ပါဘူး။ နယူးမီဒီယာ အဖွဲ့ကိုထူထောင်ပြီး သတင်းစာအပြင် မဂ္ဂဇင်းတွေ၊ စာစောင်တွေကိုပါ အွန်လိုင်းကနေ ဖတ်ရှုနိုင်အောင် လုပ်ဆောင်နေပါတယ်။ ကမ္ဘာတစ်ဝန်း ဖတ်ရှုသူပေါင်း ၁ ဒသမ ၄ ဘီလီယံ အထိရှိပါတယ်။ မိုဘိုင်းဖုန်းတွေကနေ ဖတ်ရှုနိုင်အောင် ဆောင်ရွက်နေပါတယ်။
People's Daily သတင်းစာက ကမ္ဘာတစ်ဝန်းက သူ့ရဲ့အင်္ဂလိပ်ဘာသာနဲ့ဖတ်တဲ့ ပရိသတ်တွေအတွက် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကစပြီး အပလီကေးရှင်း စသုံးခဲ့ကြောင်း သိရပါတယ်။ Live တွေ၊ Video တွေ၊ ထူးခြားတဲ့ China Stories တွေကို Facebook ၊ Twitter ၊ Youtube ၊ Tik Tok၊ Instragram စတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ လွှင့်တင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ နယူးမီဒီယာပါပဲ။ သတင်းအချက်အလက်တွေကို စာဖတ်သူတွေထံ လျင်လျင်မြန်မြန် ရောက်ရှိပျံ့နှံ့သွားအောင် လုပ်ဆောင်လိုက်တဲ့ သဘောပါပဲ။ နယူးမီဒီယာခေတ်ကို လျင်လျင်မြန်မြန် ချီတက်နေပြီဆိုတာ အသေအချာပါပဲ။ အထူးသဖြင့် Video တွေကို ကြည့်ရှုသူများလာတာ ဖြစ်ပါတယ်။
တစ်ခါ ရှန်ဟိုင်းမြို့ကို ရောက်တော့လည်း နယူးမီဒီယာဆိုတဲ့စကားလုံးကို ထပ်ကြားရပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဩဇာအကြီးဆုံးလို့ဆိုတဲ့ SHANGHAI UNITED MEDIA GROUP ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ အဲဒီမှာပဲ တာဝန်ရှိသူရဲ့ ပြောပြချက်အရ အင်တာနက်ပေါ်လာလို့ သတင်းစာလုပ်ငန်း ထိခိုက်တဲ့အကြောင်း၊ သို့သော်လည်း နယူးမီဒီယာကို အလေးထား လုပ်ဆောင်နေတဲ့အကြောင်း ကြားသိခဲ့ရပါတယ်။
သတင်းစာဖတ်ပရိသတ် ၇၀ ရာခိုင်နှုန်းကို ဆွဲဆောင်ထား
ပြည်ပဆက်ဆံရေးဌာန ဒါရိုက်တာဖြစ်တဲ့ Mr.Xia Jun က “အင်တာနက် ထိခိုက်မှုကြောင့် ကျွန်တော်တို့ရဲ့ Shanghai Daily သတင်းစာကို နောက်ကျပြီး ထုတ်ခဲ့ရပါတယ်။ ဒီသတင်းစာဟာ လူကြိုက်များတဲ့ သတင်းစာတစ်စောင် ဖြစ်ပါတယ်။ ရှန်ဟိုင်းမြို့ သတင်းစာဖတ် ပရိသတ် ၇၀ ရာခိုင်နှုန်း ကို ဆွဲဆောင်ထားပါတယ်။ ဒါပေမယ့်လည်း အင်တာနက်ပေါ်လာတော့ သတင်းစာလုပ်ငန်း ကျဆင်းပါတယ်။ အခုထုတ်ဝေပြီး ၁၀ နှစ်အကြာမှာတော့ သတင်းစာလုပ်ငန်းမဟုတ်တော့ပါဘူး။ မီဒီယာအသစ်လုပ်ငန်းဖြစ်လာပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
Shanghai Daily သတင်းစာကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း၊ လက်ရှိ ဆက်လက် ထုတ်ဝေနေဆဲဖြစ်ကြောင်း၊ သို့သော် အပလီကေးရှင်းသုံး အွန်လိုင်းသတင်းစာအဖြစ် ပြောင်းလဲခဲ့ကြောင်း၊ စာဖတ်ပရိသတ်သန်း ၃၀၀ ရှိကြောင်း သိရပါတယ်။
“အရင်တုန်းက သတင်းထောက်တွေက သူတို့သတင်းတွေကို စက္ကူနဲ့ရေးကြပါတယ်။ အခုသူတို့က အဲဒီလိုမဟုတ်တော့ပါဘူး။ သူတို့ဖုန်းတစ်လုံးနဲ့ စတူဒီယိုခန်းထဲ ဝင်သွားတယ်။ လိုအပ်သလို ပြင်ဆင်တည်းဖြတ်ပြီး သတင်း တင်လိုက်တာပဲ။ အထူးသဖြင့် ဗီဒီယိုသတင်းတွေ ဖြစ်ပါတယ်” လို့ Mr. Xia Jun က ပြောပါတယ်။
ဆိုရှယ်မီဒီယာတွေကနေ သတင်းအချက်တွေ ပျံ့နှံ့အောင်လုပ်ဆောင်နေ
တစ်နေ့တစ်နေ့ ဗီဒီယိုပေါင်း ၉၀၀ ကျော် ရှိတယ်တဲ့။ သတင်းတွေအပြင် လူမှုဘဝတွေ၊ ရိုးရာဓလေ့တွေ၊ ယဉ်ကျေးမှုဆိုင်ရာတွေ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနယ်ပယ်စုံက ဗီဒီယိုတွေလို့ ဆိုပါတယ်။ ဒီလိုများပြားလှတဲ့ဗီဒီယိုတွေဟာ ပုံမှန်ပရိုဂရမ်လုပ်ပြီး လွှင့်တဲ့အရေအတွက်ထက် များတယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ နယူး မီဒီယာပလက်ဖောင်းကို ကောင်းကောင်းအသုံးချနေပြီဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။ Facebook ၊ Wechat ၊ Twitter ၊ Youtube Instragram ၊ Tik Tok ဆိုတဲ့ ဆိုရှယ်မီဒီယာတွေကနေ သတင်းအချက်တွေ ပျံ့နှံ့အောင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ နယူးမီဒီယာ တိုးတက်လာတာနဲ့ အမျှ သတင်းတုပြဿနာကလည်း တွဲပါလာပါတယ်။ သို့သော် သတင်းတုလား၊ သတင်းမှန်လားဆိုတာ စစ်ဆေးနိုင်အောင် အပလီကေးရှင်းမှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
ပြီးတော့ Shanghai United Media Group ကထုတ်ဝေတဲ့စာစောင်ငယ်တစ်ခုကိုလည်း သူတို့က ကျွန်တော်တို့ကိုပေးပါတယ်။ ဒီစာစောင်ရဲ့အမည် က SIXTH TONE တဲ့။ အထဲမှာ တရုတ်နိုင်ငံရဲ့ ထူးခြားတဲ့ အကြောင်းအရာပေါင်း ၃၀ ကို ပုံနှင့်စာ အမြည်းလေးတွေ ပေးထားတယ်။ တစ်ပုဒ်လုံး အပြည့်အစုံမပါဘူး။ တစ်ပုဒ်လုံးဖတ်ရင် QR Code နဲ့ဖတ်ရမှာ ဖြစ်ပါတယ်။ အကြောင်းအရာရဲ့ ဓာတ်ပုံပေါ်မှာ QR Code တွေပါတယ်။ အဲဒီ QR Code ကို ကိုယ့်ဖုန်းနဲ့ စက်ခရင်ဖတ်လိုက်ရင် အကြောင်းအရာ အပြည့်အစုံကို ဖတ်လို့ရပြီ။ လိုအပ်လို့ သိမ်းထားမယ်ဆိုရင်လည်း Down ထားလို့ရတယ်။ ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်က အွန်လိုင်းကနေ နယူးမီဒီယာကို လျင်လျင်မြန်မြန် တိုးတက်လာအောင်လုပ်ဆောင်တာလို့ ဆိုပါတယ်။ SIX TONE ဆိုတဲ့ ဒီစာအုပ်လေးထဲမှာ Feature တွေ၊ Video Story တွေ၊ Commentary တွေ၊ Documentary တွေ၊ Graphic News တွေပါ ရှိပါတယ်။ နယူးမီဒီယာတိုးတက်ရေးအတွက် တီထွင်ဖန်တီးထားတဲ့လုပ်ဆောင်ချက် ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်နည်းပညာတွေကို အခြေခံထား
တရုတ်နိုင်ငံကို အလည်အပတ်လေ့လာရေး ရောက်ရှိနေတဲ့ ကျွန်တော်တို့ မြန်မာမီဒီယာအဖွဲ့ဟာ ပေကျင်းမြို့မှာရှိတဲ့ ဆင်ဟွာသတင်းဌာနကိုလည်း သွားရောက်လေ့လာခဲ့ပါသေးတယ်။ ဒီတစ်ခါမှာတော့ ဆင်ဟွာသတင်းဌာနက တာဝန်ရှိသူတွေက ဌာနတစ်လုံးကိုလိုက်ပြတာ မဟုတ်ဘူး။ သူတို့ရဲ့ အထူးခြားဆုံးစတူဒီယိုခန်းကြီးနှစ်ခုကို ပြသပေးတာဖြစ်ပါတယ်။ MR စမတ်စတူဒီယိုနဲ့ XR စတူဒီယိုတဲ့။ နယူးမီဒီယာနှင့် စက်ပစ္စည်းအသစ်တွေကို ပြသသွားတာ ဖြစ်ပါတယ်။ MR စတူဒီယိုမှာဆိုရင် ပင်လယ်ထဲမှာ သင်္ဘောကြီးစီးနေတဲ့ ပြကွက်ဟာ တကယ့်အပြင်မှာရှိတဲ့အတိုင်း တူပါတယ်။ ဘယ်လို မှ ခွဲခြားလို့ မရပါဘူး။ တကယ့်စမတ် စတူဒီယိုပါပဲ။ နောက် XR စတူဒီယိုဆိုရင်လည်း မြေလျှိုးမိုးပျံတဲ့ တရုတ်သိုင်းကားလိုဟာမျိုးတွေ ရိုက်ကူးနိုင်တဲ့ နေရာဖြစ်ပါတယ်။ တောတောင်ရေမြေတွေကို သဘာဝကျကျ လုပ်ဆောင်နိုင်ပါတယ်။ ဒစ်ဂျစ်တယ် နည်းပညာတွေကို အခြေခံထားတာဖြစ်လို့ နယူးမီဒီယာလို့ဆိုပါတယ်။
မီဒီယာလောကသားများက လက်ရှိအသုံးပြုနေသော သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားစသော မီဒီယာများကို Traditional Media လို့ဆိုကြပါ တယ်။ အွန်လိုင်းနှင့် ဒစ်ဂျစ်တယ်စနစ်တွေအပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာသော မီဒီယာများကို New Media တဲ့။ ဝက်ဘ်ဆိုက်၊ အီးမေးလ်၊ Facebook၊ Youtube၊Wechat ၊ Twitter၊Tik Tok ဆိုတာတွေက New Mediaရဲ့အဓိက ဇာတ်လိုက်တွေပါ။ သူတို့ကို ဆိုရှယ်မီဒီယာတွေလို့လည်း ဆိုကြပါတယ်။ သူတို့ရဲ့ ပလက်ဖောင်းမှာ မှန်ကန်တိကျတဲ့ သတင်းအချက် အလက်တွေ၊ Video တွေ၊ LIVE တွေဆိုတာလူကြိုက် အများဆုံးပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Facebook၊ Youtube နှင့် Tik Tok တွေကတော့ လူကြိုက်အများဆုံး နယူးမီဒီယာလို့ ဆိုရမှာပါ။ နယူးမီဒီယာခေတ်မှာ မီဒီယာနဲ့ သတင်းအချက်အလက် သိနားလည်မှုဆိုတာကလည်း အရေးကြီးတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဆိုရှယ်မီဒီယာမှာက သတင်းမှန်ရှိသလို FAKE NEWS လို့ခေါ်တဲ့ သတင်းမှားတွေ၊ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မသင့်မြတ်အောင်၊ အထင်မှား အမြင်မှားဖြစ်အောင်၊ မုန်းတီးသွားအောင်လုပ်တဲ့ HATE NEWS ဆိုတာတွေလည်း ရှိပါတယ်။ ဤသတင်းသည် သတင်းမှန်လား၊ သတင်းမှားလား၊ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုလားဆိုတာကို ခွဲခြားသိမြင်နိုင်စွမ်းရှိဖို့ လိုအပ်နေတာပါ။ မကြာ သေးမီက ကမ္ဘာလုံးဆိုင်ရာ မီဒီယာနဲ့ သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ် လှုပ်ရှားမှုကို ပြုလုပ်သွားတာ သတိပြုမိပါတယ်။
လူငယ်လူရွယ်တွေ၊ အထူးသဖြင့် ကျောင်းသား ကျောင်းသူတွေအကြားမှာ မီဒီယာတွေကတစ်ဆင့် အသိပညာဗဟုသုတတွေ အများကြီး ရှာနိုင်ပါတယ်။ သို့သော် သတင်းမှားလား၊ သတင်းမှန်လား၊ အကျိုးရှိတဲ့ သတင်းလား၊ အကျိုးယုတ်စေတဲ့ သတင်းလားဆိုတာ ဝေဖန်ပိုင်းခြား သိနားလည်တဲ့ အလေ့အကျင့်ကောင်းတွေကိုတော့ လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲတဲ့ မီဒီယာခေတ်မှာ ကမ္ဘာ့မီဒီယာနည်းတူ နယူးမီဒီယာကို ကောင်းကောင်း အသုံးချတတ်ဖို့၊ မီဒီယာ သိနားလည်မှုကို ခေတ်နှင့်အညီ အမီလိုက်နိုင်ဖို့ ကြိုးစားရဦးမှာသာ ဖြစ်ပါတယ်။ ။