ရန်ကုန် ၆ ဇူလိုင်
ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် (၃၂)လမ်းထောင့်တွင် ပြောင်းရွှေ့ဖွင့်လှစ်မည့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အဦ ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ အဆောက်အအုံအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြင်ဆင်မွမ်းမံခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး) ဦးမြင့်ဇော်က အမျိုးသားစာကြည့်တိုက် အကြီးစားပြင်ဆင်ခြင်းစီမံမှုတို့အား ရှင်းလင်းတင်ပြီး အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၂)ညွှန်ကြားရေးမှူး၊ ဒေါ်မြင့်မြင့်စိန်က အမျိုးသားစာကြည့်တိုက် အကြီးစားပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် IT ပညာရှင်များက e-Library လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးအား အသီးသီးဆက်လက် ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာကြည့်တိုက်နှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာများ၊ စာအုပ်စာတမ်းများနှင့် ပေ၊ ပုရပိုက်များသည် အစားပြန်လည်မရနိုင်သော ပစ္စည်းများဖြစ်သောကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံမှုကို အထူးပြုလုပ်စေလိုကြောင်း၊ လျှပ်စစ်ပစ္စည်းတပ်ဆင်မှုသည်လည်း အရေးပါသည့်အတွက် ရွှေတိဂုံအရှေ့ဘက်မုခ် ဓာတ်လှေကား တစ်နာရီခွဲခန့်ရပ်တန့်မှုကြောင့် ဘုရားဖူးများကို ကယ်ထုတ်ခဲ့ရခြင်းသည် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ မရရှိခဲ့ခြင်းဖြစ်စဉ်ရှိခဲ့၍ အမျိုးသား စာကြည့်တိုက်တွင်လည်း လျှပ်စစ်ဓာတ်အား ကောင်းမွန်တည်ငြိမ်စွာရရှိရန်နှင့် လျှပ်စစ်ပစ္စည်းများ အသုံးပြုရာတွင် အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာအသုံးပြုရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှင်းလင်းတင်ပြမှုအပေါ်သုံးသပ်ပြောကြားသည်။
“ဒီနေရာက သွားလာရေးအဆင်ပြေချောမွေ့တဲ့အတွက် စာကြည့်တိုက်နဲ့ပြည်သူအတွက် အဆင်ပြေပါတယ်။ အမျိုးသား စာကြည့်တိုက်ဆိုတာ နိုင်ငံတော် အဆင့်ရှိတဲ့ စာကြည့်တိုက်လည်း ဖြစ်ပါတယ်။ ဒီမှာတစ်နိုင်ငံလုံးမှာရှိတဲ့ စာအုပ်စာတမ်းတွေကို စုဆောင်းထားပါတယ်။ လိုချင်တဲ့ စာအုပ်စာတမ်းတွေအားလုံး အမျိုးသားစာကြည့်တိုက်မှာ ရှိနေရမှာပေါ့နော်။ နိုင်ငံတော်အတွင်းထုတ်ဝေတဲ့ စာအုပ်စာတမ်းတွေကိုစုတယ်။ အာဆီယံနိုင်ငံက စာအုပ်စာတမ်းတွေကို စုတယ်။ အာရှဒေသကစာအုပ်စာတမ်းတွေကို စုဆောင်းတယ်။
သုတေ သီတွေလိုအပ်တဲ့ စာအုပ်တွေကိုစုတယ်။ နိုင်ငံတော်ရဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ပေ၊ပုရပိုက်တွေကိုလည်း စုဆောင်းပါတယ်။ အမျိုးသားစာကြည့်တိုက်ဟာ ဗဟုသုတရတနာသိုက်ကြီးဆိုရင်လည်းမမှားပါဘူး။ လိုအပ်တဲ့ စာအုပ်တွေကို အွန်လိုင်းကနေ ဝန်ဆောင်မှုပေးဖို့လည်းစီမံထားတယ်။ ပြည်သူတွေစာကြည့်တိုက်ကို တကူးတက လာစရာမလိုဘဲ အွန်လိုင်းကနေဖတ်ရှုနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်ကလည်း စာကြည့်တိုက်ကို ပံ့ပိုးပေးထားပါတယ်။ ဝန်ထမ်းတွေကလည်း နိုင်ငံတကာအဆင့် မီဝန်ဆောင်မှုပေးဖို့ စီမံထားပါတယ်” ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ပြောကြားသည်။
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အဆောက်အအုံ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းအတွက် (၂၀၁၇-၂၀၁၈) ခုနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၂၀ဝ) ခွင့်ပြုထားပြီး မြို့ပြလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့်လုပ်ငန်းတို့ကို ဆောင်ရွက်လျှက်ရှိကာ(၂၀၁၈-၂၀၁၉) ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်တင်ပြတောင်းခံထားမှုမှာ မူလအဆိုပြု ငွေကျပ်သန်း(၁၂၀ဝ)နှင့် ပြင်ဆင်တိုးမြှင့်အဆိုပြုငွေ ကျပ်သန်း(၅၉၉၂)သန်းဖြစ်၍ အဆောက်အဦပိုင်းအတွက် ကျပ်(၂၆၀ဝ) သန်းခန့်နှင့် စာကြည့်တိုက်အပိုင်းအတွက် ကျပ်(၃၃၉၂)သန်းခန့်ဖြင့် ပြုပြင်မွမ်းမံလျှက်ရှိကြောင်း အဆိုပါ ရှင်းလင်းတင်ပြခြင်း အခမ်းအနားမှ သိရသည်။
အဆိုပါ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အား (၂၀၁၈-၂၀၁၉)ခုနှစ်အကုန်တွင် ပြီးစီးရန် ရည်မှန်းထားပြီး (၂၀၂၀)ခုနှစ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ-သန်းစိုး