အားကစားဝါသနာရှင်တစ်ဦး

အိမ်ရှေ့ဥပစာမြေကွက်လပ်တစ်ခုတွင် သမီးငယ်နှစ်ဦး ကြက်တောင်ရိုက် ဆော့ကစားနေကြသည်။ ဟေမန္တရာသီဆောင်းနံနက်ခင်းက အေးမြမြချမ်းစိမ့်စိမ့် ရှိလှသော်လည်း သူတို့နှစ်ဦးအဖို့မူ ချွေးများပင်စို့လို့နေသည်။

ကြက်တောင်အားကစား ဆိုသည်မှာလည်း လက်မှခြေထောက်ထိ တစ်ကိုယ်လုံး လှုပ်ရှားပြေးလွှားရသောကြောင့် သွေးလေလှုပ်ရှားချွေးထွက်များပြီး ဣရိယာပုတ် မျှတသော ကစားနည်းတစ်ခုဖြစ်သည်။ ကြက်တောင်ရိုက်ကစားရာတွင် လိုအပ်သော ဝတ္ထုပစ္စည်းများမှာလည်း ဘက်တံနှစ်ချောင်း သို့မဟုတ် လေးချောင်းနှင့် ကြက်တောင်ဖော့လုံး တစ်လုံး၊ အလျား ၁၇ ပေမှ ပေ ၂၀ နှင့် အနံ ၂ ပေခွဲ ရှိသော ပိုက်တစ်ခုနှင့် ညီညာသောကစားကွင်းသာ ဖြစ်သည်။

အိန္ဒိယနိုင်ငံက စတင်တီထွင်

ကြက်တောင်ရိုက်ကစားခြင်းကို အိန္ဒိယနိုင်ငံက ရှေးဦးစွာ စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယကို ဗြိတိသျှတို့သိမ်းယူလိုက်သောအခါ အိန္ဒိယမှ တစ်ဆင့် အင်္ဂလန်နိုင်ငံသို့ ထိုကစားနည်းရောက်ရှိသွားသည်။ အင်္ဂလန်နိုင်ငံတွင် ၁၈၃၇ ခုနှစ်မှစ၍ ကြက်တောင်အားကစားသည် ခေတ်စားလာသည်။ ဘက်မင်တန်ဟူသောအမည်မှာ အင်္ဂလန်နိုင်ငံတွင် ပထမဆုံး ကြက်တောင်ရိုက်ကစားသောနေရာတစ်ခု ၏အမည်ကိုယူ၍ မှည့်ခေါ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့နောက်အင်္ဂလန်မှတစ်ဆင့် ကမ္ဘာ့အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ကြက်တောင်အားကစားသည် အသက်အရွယ်၊ ကျားမ မရွေး၊ နေရာမရွေး ကစားနိုင်ခြင်း၊ ပစ္စည်းကိရိယာလိုအပ်ချက်ကလည်း အကုန်အကျ အသင့်အတင့်သာရှိခြင်းတို့ကြောင့် လူအများစိတ်ဝင်စားသော အားကစားနည်းတစ်ရပ် ဖြစ်ခဲ့သည်။ အထူးသဖြင့် ယခုလိုဆောင်းရာသီကာလ နံနက်နှင့် ညနေခင်းများတွင် သွေးပူလေ့ကျင့် ခန်းအနေဖြင့် ကြက်တောင်ရိုက်ကစားသူများ ပို၍များပြားစည်ကားလှသည်။

သမီးငယ်နှစ်ဦး၏ ဘက်မင်တန်ရိုက်ချက်တို့နှင့်အတူ ကြက်တောင်လေးသည် လေထဲတွင် စုန်ချည်ဆန်ချည် လူးလာခေါက်တုံ့ပျံဝဲနေသည်။ ရိုက်ချက်များက သွက်လက်မြန်ဆန်လာသည်။ မြင်ကွင်းတစ်ခုလုံးက သက်ငြိမ်ပန်းချီကားတစ်ချပ် မဟုတ်တော့။ တဖျပ်ဖျပ် သက်ဝင်လှုပ်ရှားနေသည်။၊ ခေတ်အဆက်ဆက် နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ ကြက်တောင်အားကစား အကျော်အမော်တို့၏ ပုံရိပ်များကလည်း တဖျပ်ဖျပ် ထင်ဟပ်လာသည်။

၁၉၆၆ ခုနှစ် ထိုင်းအာရှအိုလံပစ်အားကစားပြိုင်ပွဲ ကြက်တောင်ပြိုင်ပွဲ။ အာရှအဆင့်ဟုဆိုသော်ငြား တကယ်တမ်းအားဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲဆိုလျှင်လည်း မမှား။ ကမ္ဘာ့အားကစားပြိုင်ပွဲများတွင် ဥရောပ၊ အမေရိကတို့မှ နိုင်ငံကြီးများကသာအနိုင်ရ ဗိုလ်စွဲလေ့ရှိသော်လည်း ကြက်တောင်နှင့်ဟော်ကီ အားကစားနည်းများတွင်မူ အာရှနိုင်ငံများကသာ အနိုင်ရဗိုလ်စွဲလေ့ရှိကြသည်။ ကမ္ဘာ့ကြက်တောင် ပြိုင်ပွဲများတွင် အင်ဒိုနီးရှားတို့သည် ၁၀ နှစ်တာမျှ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည်။ အင်ဒိုနီးရှားတို့နှင့် အဓိကပြိုင်ဘက်မှာ  မလေးရှားဖြစ်သည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဂျပန်၊ ဒိန်းမတ် နိုင်ငံတို့ကား ကမ္ဘာ့အဆင့်မီကြက်တောင်နိုင်ငံများဖြစ်ကြသည်။

ထိုခေတ်ထိုကာလတွင် မြန်မာ့ကြက်တောင် လောကသည် တစ်ခေတ်ပြောင်းလဲရန် ကြိုးပမ်းနေ ဆဲကာလသာဖြစ်၍ ကမ္ဘာ့ချန်ပီယံကြက်တောင် လက်ရွေးစင်များကို အနိုင်ရရန် မဆိုထားနှင့်၊ ထိပ်သီးစာရင်းဝင်ရောက်နေသော ထိုင်း၊ ဂျပန်တို့ကို အနိုင်ယူရန်ပင် မလွယ်ကူလှချေ။

ထိပ်သီးအုပ်စုထဲသို့ ထိုးဖောက်ဝင်ရောက်

သို့ရာတွင် ၁၉၆၆ ခုနှစ် ထိုင်းအာရှအိုလံပစ် အားကစားပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင်  မြန်မာ့ကြက်တောင် လက်ရွေးစင် ကြည်ညွန့်သည် ပထမပွဲစဉ်၌ ဖိလစ်ပိုင် ကြက်တောင်လက်ရွေးစင်ကို စတင်အနိုင်ရခဲ့သည်။ ဒုတိယပွဲစဉ်တွင် ထိပ်သီးဂျပန်ကြက်တောင် လက်ရွေးစင်ကို လက်စွမ်းပြထပ်မံအနိုင်ရခဲ့ပြန်ရာ အားလုံးအံ့အားသင့်သွားခဲ့ကြသည်။ မြန်မာ ကြက်တောင်သမားတစ်ဦးသည် မလေးရှား၊ အင်ဒို နီးရှား၊ ထိုင်း၊ ဂျပန် စသည့်ထိပ်သီးအုပ်စုထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီဟုလည်း မှတ်ချက်ချ ခဲ့ကြသည်။

ကွာတားဖိုင်နယ်ပွဲစဉ်၌လည်း ကြည်ညွန့်သည် တောင်ကိုရီးယား ကြက်တောင်လက်ရွေးစင်ကို လက်စွမ်းပြ ထပ်မံအနိုင်ရခဲ့၍ အကြိုဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။ အကြိုဗိုလ်လုပွဲတွင်မူ ကမ္ဘာ့ချန်ပီယံ အင်ဒိုနီးရှား လက်ရွေးစင်ကို အကြိတ်အနယ်ကစားနိုင်ပြီးမှ ရှုံးခဲ့သောကြောင့် တတိယကြေးတံဆိပ်ဖြင့်သာ ကျေနပ်လိုက်ရသည်။

မြန်မာ့ကြက်တောင်လောကအတွက်မူ ကြီးမားသော အောင်မြင်မှုတစ်ရပ်ဟုဆိုရပါမည်။ အာရှကြက်တောင်ပြိုင်ပွဲတွင် ဆုတံဆိပ်ရယူဆွတ်ခူးနိုင်ခြင်းသည် သာမန်မျှနှင့် ရယူနိုင်သော ဆုတံဆိပ်မျိုး မဟုတ်ချေ။  မြန်မာ့ကြက်တောင်လက်ရွေးစင် ကြည်ညွန့်အဖို့လည်း ကျေနပ်ဂုဏ်ယူစရာဆုတံဆိပ် တစ်ခုဖြစ်ခဲ့သည်။ ဗွေဆော်ဦးစတင်ပါဝင် ယှဉ်ပြိုင်ခွင့်ရခဲ့သော နိုင်ငံတကာပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ကို စတင်ဆွတ်ခူးရယူနိုင်ခဲ့၍ ဖြစ်သည်။

ကြည်ညွန့်နည်းတူ ထိုင်းအာရှအိုလံပစ်အားကစား ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိရန် အလားအလာရှိသူ မြင့်မြင့်ခင် (မန္တလေး)သည် ပထမပွဲစဉ်၌ တောင်ကိုရီးယားလက်ရွေးစင်ကိုအနိုင်ရခဲ့ပြီး ဒုတိယပွဲ၌ ထိုင်းလက်ရွေးစင်ကို တစ်ပွဲအနိုင်ရရှိထားသည်။ သို့ရာတွင် ဒုတိယပွဲစဉ် ဆက်ကစားနေစဉ်အတွင်း ခြေထောက်လည်သွားကာ ဆက်မကစားနိုင်တော့သဖြင့် အရှုံးပေးခဲ့ရလေသည်။ မြင့်မြင့်ခင်သာ ခြေထောက်မနာခဲ့လျှင် ထိုစဉ်ကမြန်မာ့လက်ရွေးစင် ကြက်တောင်မောင်မယ်နှစ်ဦးသည် ဆုတံဆိပ်များ ရယူကာ ပြန်လာနိုင်မည်ဟု သုံးသပ်ခဲ့ကြသည်။

မြန်မာ့ကြက်တောင်လောက အောင်မြင်မှုများစွာ ရယူစိုက်ထူနိုင်ခဲ့

ထို့နောက်ပိုင်းကာလများတွင်  မြန်မာ့ကြက်တောင်လောကသည် အောင်မြင်မှုများစွာကို ရယူစိုက်ထူနိုင်ခဲ့သည်။ ကြည်ညွန့်၊ ဝေညွန့် ညီအစ်ကိုနှစ်ဦးနှင့် မြင့်မြင့်ခင် (မန္တလေး)တို့က အစပြု၍ မြလေးစိန်အထိ မြန်မာ့လက်ရွေးစင်ကြက်တောင် အားကစားအကျော်အမော်များ ပေါ်ထွက်လာခဲ့ပြီး နိုင်ငံတော်အတွက် ဆုတံဆိပ်များစွာ ရယူဆွတ်ခူး ပေးနိုင်ခဲ့ကြပါသည်။

သို့သော် ၁၉၇၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ဖိတ်ခေါ် ကြက်တောင်ပြိုင်ပွဲ ကျား၊ မ နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ကြက်တောင်လက်ရွေးစင် မြလေးစိန်က ဒုတိယဆု ရရှိခဲ့ပြီးနောက်ပိုင်း မြန်မာ့ကြက်တောင်လောကတွင် ထူးချွန်သည့် အမျိုးသမီးကြက်တောင် အားကစားသမားအသစ်များ ရှားပါးသွားခဲ့သည်။

ထို့ကြောင့် လက်ရှိကာလတွင် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အလားအလာရှိသည့် ကစားသမားများကို ရွေးချယ်ခေါ်ယူကာ နိုင်ငံတော်၏ ပံ့ပိုးစရိတ်ဖြင့် လေ့ကျင့်ပျိုးထောင်ပေးလျက် ရှိကြောင်း သိရသည်။

ထို့အတူ မြန်မာ့ကြက်တောင်အားကစားအဆင့် အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်သည် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကြက်တောင်အားကစား အောင်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အတွက် လူငယ်တံခွန်စိုက်ကြက်တောင်ပြိုင်ပွဲများ၊ အမျိုးသား တံခွန်စိုက်ကြက်တောင်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပလျက်ရှိသလို ပြည်ပပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြင့် မျိုးဆက်သစ် ကြက်တောင်အားကစားမောင်မယ်များကို မွေးထုတ်ပေးလျက်ရှိသည်။

အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် Egypt International Series 2018 ဖိတ်ခေါ်ပြိုင်ပွဲတွင် မျိုးဆက်သစ်လက်ရွေးစင်တစ်ဦးဖြစ်သူ သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ချန်ပီယံပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။ မြန်မာ့ ကြက်တောင်လောက၏ အမျိုးသမီးတစ်ဦးချင်း ရွှေတံဆိပ်ဆုကို သက်ထားသူဇာက ပထမဆုံး အကြိမ်ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်၍ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်က ၂၀၁၈ ခုနှစ် အတွက်  အတိုးတက်ဆုံးအားကစားသမားဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိလာခဲ့ရာ လက်ရှိ တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၄၂ နေရာတွင် ရပ်တည်နေပြီး အိုလံပစ်အဆင့်သတ်မှတ်ချက် အဆင့် ၂၁ နေရာကိုလည်း ရရှိထားကြောင်း သိရသည်။ သက်ထားသူဇာ အနေဖြင့် ယခု ၂၀၂၄ ခုနှစ်အတွင်း ကျင်းပမည့် ပါရီအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားနေပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် လေ့ကျင့်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

ပြန်လည်သက်ဝင်လှုပ်ရှား

မျိုးဆက်သစ်များ ပျောက်လုနီးပါးရှိနေခဲ့သည့် ကြက်တောင်အားကစားနည်းတွင် သက်ထားသူဇာ၏ ရွှေတံဆိပ်ရယူဆွတ်ခူးနိုင်ခဲ့ခြင်းနှင့်အတူ မြန်မာ့ ကြက်တောင်အားကစားလောကသည် ပြန်လည်သက်ဝင်လှုပ်ရှားလာသည်။ 
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် Badminton Asia Junior Under 15-17 (Southeast Asia) Regional Championships 2023 (Team Event) အရှေ့တောင်အာရှ သက်ငယ်တန်း ကြက်တောင်ချန်ပီယံပြိုင်ပွဲတွင်လည်း မြန်မာ့လက်ရွေးစင်ကြက်တောင်အသင်းသည် ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း လက်ရွေးစင်တို့ကို အနိုင်ယူကာ ရွှေ ၁၁ ခု၊ ငွေ လေးခု၊ ကြေးနှစ်ခု ရယူဆွတ်ခူးနိုင်ခဲ့ပြန်ပါသည်။

အိမ်ရှေ့ဥပစာမြေကွက်လပ်ရှိ သမီးငယ်နှစ်ဦး၏ အပျော်တမ်းကြက်တောင်ပြိုင်ပွဲလေးက အကြိတ်အနယ်ရှိနေဆဲ။ ကြက်တောင်အားကစားနည်းသည် ကျန်းမာရေးနှင့် ညီညွတ်မျှတရုံသာမက စိတ်ပျော်ရွှင်ဖွယ်ရာ အားကစားနည်းတစ်ခုလည်းဖြစ်၍ လက်ရှိ ဆောင်းရာသီနံနက်ခင်းများတွင် ကိုယ်လက်လှုပ်ရှားအားကစားအနေဖြင့် လူကြီးလူငယ်မရွေး ပျော်ပျော်ပါးပါး ကြက်တောင်ရိုက်ကစားကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။