မန္တလေး ၂ စက်တင်ဘာ


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ ၃၂ လမ်း၊ ၈၅×၈၆ လမ်းကြားရှိ မလွန်ဈေးဆန်လှူပွဲတွင် သီးသီးထုပွဲကို စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းက ကျင်းပခဲ့ကြသည်။


ယခင်ကာလများက မန္တလေးမြို့ အနီးဝန်းကျင် ကျေးရွာများမှ သီးသီးသည်ပေါင်း ၁၀ ဦး၊ ၁၅ ဦးခန့်က တောင်းကြီး၊ တောင်းငယ် အသွယ်သွယ်ဖြင့် လာရောက်ရောင်းချကြကာ လူငယ်၊ လူလတ်၊ လူကြီးများက သီးသီးများကို ဒင်္ဂါးအကြွေစေ့ဖြင့် စိတ်ကြိုက် ခေါက်စမ်းဝယ်ယူ၍ ခေါင်းပန်းလှန်ပြီး အချင်းချင်း အပြန်အလှန် နိုင်သူယူကြေး အပျော်သီးသီးထုပွဲ ကို ပျော်ရွင်စွာဆင်နွဲခဲ့ကြသည်။


ယခုအခါတွင် ရပ်ကွက်ခံတစ်ဦးမှ သီးသီး တစ်လုံးလျင် ၂၀ဝ ကျပ်၊ ၅၀ဝ ဖိုးဝယ်ပါက ၃ လုံးဖြင့် အစဉ်အလာမပျက် သီးသီးများကို အဆိုပါ ဆန်လှူပွဲတော်ချိန်၌ ရောင်းချနေသည်ကို တွေ့ရပြီး ယခင်ကာလများကဲ့သို့ စိတ်ပါဝင်စားမှု သိပ်မရှိတော့ဘဲ ရှေ့မီ နောက်မီ လူလတ်ပိုင်းများကသာ သီးသီးထုပွဲ ပါဝင်ဆင်နွှဲနေသည်ကို တွေ့မြင်ရသည်။


မလွန်ဈေးဆန်လှူ အသင်းအနေဖြင့် စစ်ကိုင်း၊ မင်းကွန်းနှင့် မန္တလေးမြို့ပေါ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် သူတော်များကို ဆွမ်းဆန်တော်များ လှူဒါန်းခဲ့သည်မှာ ယခုနှစ်ဆိုလျင် (၁၂၃)ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံတွင် ဆွမ်းဆန်တော် ထောက်ပံ့လှူဒါန်းမှု သက်တမ်းအရှည်ကြာဆုံးသော အသင်းကြီး တစ်သင်းဖြစ်သည်။ 


ထိုသို့ဆွမ်းဆန်တော်များ လှူဒါန်းမှု အထိမ်းအမှတ်အဖြစ် တော်သလင်းလဆန်း ၅ ရက်မှ လပြည့်နေ့အထိ အသင်း နယ်လှည့်ဓမ္မကထိက ဆရာတော်ကြီးများ၏ နေ့၊ ည တရားပွဲများ၊ ရေစက်ချ အခမ်းအနားတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခြင်းရာ အဆိုပါ အခမ်းအနားနှင့်အတူ အပျော်သဘောအဖြစ် သီးသီးထုပွဲကို ပါဆင်နွဲ ပြုလုပ်ခဲ့ကြခြင်း တွေ့ရသည်။ 


တင်မောင်(မန်းကိုယ်ပွား)