၂  ဒီဇင်ဘာ 
မနက်ခင်းမှာဆောင်းလေအေးလေးမျက်နှာကို ထိတွေ့တိုက်ခတ်မှုက ကဗျာဆန်တယ်နော်။ စိတ်ကြည်နူးစရာလည်းကောင်းပါတယ်။ ဆောင်းရဲ့အငွေ့အသက်က လူကိုပျော်ရွှင်လန်းဆန်းစေပါတယ်။ ဆောင်းမနက်ခင်းက အလှအပတရားတွေပြည့်စုံတယ်လို့ တင်စားကြတာတောင်ရှိပါတယ်။ ဒီပျော်ရွှင်စရာကောင်းတဲ့ ဆောင်းရာသီကို လန်းဆန်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ ဒီဆောင်းပါးလေးကနေ သတိထားရမယ့်အချက်တွေကို ပြောပြမယ်နော်။

ကဲဆောင်းရာသီမှာ ကျန်းမာပျော်ရွှင်ဖို့ ဒါလေးတွေ လိုက်နာပါနော်……


အိပ်ရေးဝဝအိပ်ပါ - ဆောင်းရာသီက အိပ်ကောင်းတာလည်းအမှန်ပဲနော်။ ဒီတော့ အိပ်ပျော်အောင်အိပ်ဖို့တော့ လိုမှာပေါ့။ ညဘက်တွေမှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေလျှော့လို့ အိပ်ရေးဝအောင်အိပ်ပေးပါနော်။ အိပ်ရေးဝဝအိပ်တာက ကိုယ္ခံအားကောင်းစေတဲ့ အချက်တစ်ခုပေါ့။ တစ်ညကို အနည်းဆုံး အိပ်ချိန် ၆ နာရီကနေ ၈ နာရီအိပ်ပါ။

ရေများများသောက်ပါ


 –ဆောင်းအေးတာကြောင့်ရေသိပ်မသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ရေသောက်နည်းတဲ့အခါ ခန္ဓာကိုယ်ကရေဓါတ်ဆုံးရှုံးပြီး အသားအရေခြောက်သွေ့တာနဲ့ ခံတွင်းခြောက်တာ၊ မအီမသာဖြစ်တာ၊ ခြေကုန်လက်ပန်းကျတာနဲ့ အာရုံမစိုက်နိုင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ရေအပြင် စွတ်ပြုတ်လိုမျိုး ရေဓါတ်ရရှိစေနိုင်တဲ့ အရာတွေကို သောက်သုံးလို့ရပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ – ဆောင်းအေးလို့ဆိုပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုမစိုက်တာမျိုးမလုပ်ပါနဲ့။ နေ့စဉ် ပုံမှန်ရေချိုးတာမျိုးတော့ မဖြစ်မနေလုပ်ပေးပါ။ ဒါမှ မမြင်ရတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်နိုင်မှာပါ။

လက်ဆေးပါ – မမြင်ရတဲ့ ဘက်တီးရီးယားတွေ အများဆုံးရှိနေနိုင်တာက လက်ချောင်းလေးတွေမှာပါ။ ဒါကြောင့် မလိုလားအပ်ဘဲ ခန္ဓါကိုယ်ထဲကို ဘက်တီးရီးယားတွေ မဝင်ရောက်စေဖို့အတွက် လက်ကိုသေချာသန့်စင်ဆေးကြောပေးပါ။ သွားလေရာကို ရေမလိုလက်သန့်ဆေးရည် ဆောင်သွားပေးပါ။

နေအိမ်ကို သန့်ရှင်းအောင်ထားပါ - နေအိမ်ထဲမှာ ဖုန်မှုန့်တွေသန့်စင်တာ၊ ကြမ်းပြင်နဲ့ စားပွဲ၊ ကုလားထိုင်လိုမျိုး အမြဲထိတွေ့နေတဲ့အရာတွေကို သန့်ရှင်းတာကို ပုံမှန်လုပ်ပေးပါ။ အိပ်ရာခင်းတွေ နဲ့စောင်တွေကို ပုံမှန်လျှော်ဖွတ်ပါ။ နေပူထုတ်လှမ်းပါ။

ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ


 -ဆောင်းရာသီမှာပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာဖြတ်သန်းဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့က တော်တော်လေးအရေးပါပါတယ်။ ဒီတော့ဆောင်းရာသီမှာ အစာကြေလွယ်ပြီး အာဟာရွပည့်ဝစေတဲ့ အစားအစာတွေကို ဂရုစိုက်စားသုံးပေးပါ။ ဒိန်ချဉ်၊ အစိမ်းရင့်ရောင်အသီးအရွက်တွေ၊ ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီးတွေစားသုံးပေးပါ။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ – တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက်တော့ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပေးပါ။ လမ်းလျှောက်တာဖြစ်ဖြစ်၊ အကြောလျှော့လေ့ကျင့်ခန်းလုပ်တာ ဖြစ်ဖြစ်ပေါ့။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာကလည်း ကိုယ်ခံအားကောင်းစေတဲ့ အချက်တစ်ခုပါပဲ။

ကဲ ဒီနည်းလမ်းလေးတွေ လိုက်လုပ်ပြီး ပျော်ရွှင်ကျန်းမာတဲ့ဆောင်းရာသီလေး ဖန်တီးလိုက်ပါနော်…

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”