ပြောစေချင်လို့ ပြောရဦးမယ်    

“ပြောစကား နားမထောင်ဘူး”။ “ပြောလို့မရဘူး” ဆိုတဲ့သူတွေကိုပဲ စိတ်ရှည်သည်းခံ၊ ဇွဲသန်သန်နဲ့ အဖန်ဖန်အထပ်ထပ် မေတ္တာဓာတ် အပြည့်အဝနဲ့ ပြောနေပါဦး၊ ပြောလိုက်ပါဦး၊ ဆက်ပြောပါဦးလို့ အားပေးပါရစေ။ ဇွဲတော့လိုတာပေါ့။

ပြောစကားနားမထောင်သူကို နားထောင်အောင်ပြောဖို့ရာက သင်ကော၊ ကျွန်ုပ်ပါ အားလုံးရဲ့တာဝန်ပဲ။ ကျွန်တော်တို့အကြိမ်ကြိမ် အခါခါ ပြောဖန်များခဲ့လို့ အရင်က လက်နက်ကိုင်မယ်၊ တောခိုမယ်၊ သူပုန်ထမယ်ဆိုတဲ့ လူငယ်လေးအချို့ဟာ နားဝင်သဘောပေါက်လာခဲ့ကြပြီပဲ။ အကျိုးရှိပါတယ်။ 

“ဆရာ၊ ဆရာမတွေကို သတ်တာတော့ မှားတယ်”

“ရဟန်း၊ သံဃာတော်တွေသတ်ဖြတ်တာတော့ လွန်တယ်”

“ဘာမဆိုင် ညာမဆိုင် လူတွေကိုသတ်နေတာ လွဲပြီ”

“လူသတ်တာတော့ လုံးဝလက်မခံ”

ဒီလိုလေသံတွေ လူငယ်ကြားမှာ ကြားနေကြရပြီလေ။ လက်ကိုင်ဖုန်းထဲက ဟုတ်ယောင်ထင်မှတ်ရတဲ့  အမှားမှိုင်းတိုက်မှုတွေကို စိတ်ခံစားမှုနဲ့ပေါင်းစပ်ယုံစားပြီး ဦးနှောက်ဆေးခြင်းလုံးလုံးခံခဲ့ရတဲ့ လူငယ်များစွာဟာ သင်တို့၊ ကျွန်ုပ်တို့ (နိုင်ငံတော်နဲ့ လူသားအချင်းချင်း လူ့ဘဝကို တန်ဖိုးထားသူ) အားလုံးက စိတ်ဝင်တစား စိတ်အားထက်သန် ဆက်ကြိုးစားကြရမှာ မဟုတ်လား။ ဒါကမှ တရားသောတော်လှန်ရေးပဲ။ 

ပြည်သူ့အကျိုးအတွက် လက်တွေ့ထိရောက်ခဲ့ပြီးသား။ 

ဟုတ်ပြီ။ သူ့ကို ဘယ်လိုပြောမလဲ။

သာယာချိုသာတဲ့အသံနဲ့ ပြောဆိုပါ။ လေသံဟာ အဓိကပဲ။ တစ်ဖက်သားကို နားထောင်ချင်အောင် ဆွဲဆောင်ရမယ်။ စဉ်းစားကြည့်ပါ။ မောင်မောင်ညွန့်ရဲ့ သီချင်းဆိုဟန်၊ စန္ဒရားချစ်ဆွေရဲ့ ရင်ထဲက ထွက်ပေါ်လာတဲ့ သီဆိုသံ၊ ခင်မောင်တိုးရဲ့ ချိုသာညင်းပျောင်းတဲ့ အသံ…. နားဝင်ချိုတာကို သောတရှင်တွေ နှစ်သက်ချစ်ခင်ကြတယ်။ နားခံသာအောင်ပြောရမယ်။ နားဝင်ချောအောင် ပြောဆိုတတ်ပါစေ။

မျက်နှာက ကြည်လင်ရမယ်။

အသံက သာယာချိုသာရမယ်။

မေတ္တာဓာတ်

အဲဒါက ဘယ်ကရသလဲ။ နှလုံးသားထဲက စီးဆင်းနေတဲ့ မေတ္တာအအေးဓာတ်က ရတယ်။ ရင်ထဲမှာပူလောင်နေရင် မရဘူး။ ပွက်ပွက်ဆူနေရင် မဖြစ်နိုင်ဘူး။ မကျေမနပ်အလိုမကျတဲ့ အမြင်သဘောထားနဲ့ လှပချိုသာတဲ့ စကားမျိုးဟာ ထွက်မလာနိုင်ဘူး။

ဝမ်းမနည်းပါနဲ့။ လောဘမကြီးပါနဲ့။ ဒေါသသံမပါပါစေနဲ့။ သူတစ်ပါးကို နားဝင်အောင် ပြောဆိုရတာဟာ အနုပညာဆိုဆို၊ အတတ်ပညာဆိုဆို ကျွမ်းကျင်မှုတော့ လိုတာအမှန်ပါ။ နား ထောင်အောင်ပြောမှ တကယ်နားထောင်တယ်။ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါ။ 

လူတွေမှာ ရှေ့အာရုံတွေရှိတယ်။ စိတ်ဆိုတာက ကြိုးနဲ့ချည်ထား လို့မှမရတာကိုး။ သူ့စိတ်က အတိတ်ကိုဖြစ်စေ၊ အနာဂတ်ကိုဖြစ်စေ ရောက်နေနိုင်တယ်။ သူ့စိတ်ကို သင့်ရှေ့မှာရောက်လာအောင် အရင် ဆွဲခေါ်နိုင်ရပါမယ်။ သူ့အာရုံထဲက ရှုပ်ထွေးပေပွနေတာကို ပစ်ချထားခဲ့ပြီး သင့်စကားကို သူ့နားအာရုံက နားထောင်တဲ့အာရုံတံခါး ဖွင့်ချင်လာအောင် အရင်ကြိုးစားရပါမယ်။ ဒီအဆင့်မပါဘဲ ပြောချင်ရာပြော၊ ကောင်းချင်သလောက်ကောင်း၊ ဘယ်လောက်တန်ဖိုးရှိရှိ။ သူ့နားထဲတော့ ရောက်ဖွယ်မရှိ။

ဘာကြောင့် နားထောင်ရမှာလဲတဲ့။

ပါးစပ်က ထုတ်မပြောပေမယ့် သူ့စိတ်အခံထဲမှာ ဒီမေးခွန်းက ရှိနေပြီးသား။ ဒီအချက်ကို သင်က သတိမထားဘဲ၊ အရင်အသိအမှတ်မပြုဘဲ သင့်ကိုယ်သင် အမွှမ်းတင်၊ သင့်ကိုယ်ကိုယ် ကြိုတင်ကာကွယ်၊ ကိုယ်စွမ်းပြချင်တာကအရင်ဦးဆုံး ရှေ့ရောက်နေတတ်တယ်။ အောင်မြင်တဲ့ စကားပြောဆိုခြင်းရဲ့သော့ချက်က လူတစ်ဖက်သားရဲ့ စိတ်အာရုံနဲ့ ခံစားချက်ကို အရင်ဦးစားပေး စဉ်းစားတတ်ပါစေဆိုတဲ့ အချက်ပါပဲ။ နိဝါတမင်္ဂလာ။ မိမိက နောက်ကနေပါ။

လေးစားပါ

အကယ်၍ သူ့ကို တန်ဖိုးမထားတာမျိုး(မသိမသာနှိမ်ချင်တာမျိုး) လေသံ၊ ဟန်ပန်၊ ရပ်ပုံ၊ ထိုင်ပုံ၊ သူ့ကိုကြည့်ပုံတွေ၊ သူကခံစား နားလည်နှင့်နေပြီ။ စကားအဖက်လုပ် ပြောချင်စိတ်ကို ကုန်ခန်းစေ လိုက်ပြီ။ ဒါဆိုရင် သင်ပြောနေသမျှတွေဟာ သဲထဲရေသွန်ဖြစ်ပေလိမ့်မယ်။ ဒီတော့ အဓိကကျတဲ့ ရွှေသော့ကတော့ သူနားထောင်ချင်အောင် ပြောတတ်ခြင်းပါပဲ။ စိတ်ပညာလို့ ပြောချင်ပြော၊ လူမှုဆက်ဆံရေး အနုပညာလို့ ပြောချင်ပြော အောင်မြင်စေတဲ့နည်းနာသဘောပါ။ ပြောမယ်ဆိုရင် နားထောင်ချင်အောင်ပြော၊  ရောင်းမယ်ဆိုရင် ဝယ်ချင်အောင်ရောင်း၊ ခေါ်မယ်ဆိုရင် လာချင်အောင် ခေါ်၊ ခိုင်းမယ် ဆိုရင် လုပ်ချင်အောင်ခိုင်း၊ ပေးမယ်ဆိုရင် ယူချင်အောင်ပေး၊ ကျွေးမယ် ဆိုရင်လည်း စားချင်အောင် သေသေချာချာပြင်ကျွေး။


“ငါပြောတာပဲ နားထောင်ရမှာပေါ့” အပေါ်စီးလေသံနဲ့ ဒီလိုမျိုး ဆက်ဆံရင် လူမဆိုထားနဲ့ ခွေး၊ နွား၊ မြင်း၊ ဆင် တိရစ္ဆာန်တွေတောင် လက်မခံချင်ဘူး။ သူ့ကိုတန်ဖိုးထားတဲ့ မေတ္တာစိတ်နဲ့ဆက်ဆံမှ လက်ခံတာလေ။ မေတ္တာပါမှ အဆင်ပြေ။

ပြောစကားနားထောင်ဖို့ဆိုတာ သူ့ရဲ့စိတ်သဘောအမြင်ကို ပြောင်းစေချင်တာ မဟုတ်လား။ မှားနေတဲ့ သူ့အယူအဆကို ဆေးလျှော်ပေးရမှာ။ လွဲနေတဲ့ သူ့ရှုထောင့်ကို နိုင်ငံ၊ လူမျိုး ကောင်းကျိုးဘက် ကိုရောက်လာအောင် မီးမောင်းထိုးပြရမှာလေ။ အမှောင်ဘက်ကနေ အဖျက်စိတ်တွေဝင်ပြီး တိုင်းပြည်ကို ဖြိုဖျက်ဖို့အထိ စိတ်ရိုင်းဝင်အောင် သွေးထိုးလှုံ့ဆော်ထားလို့ သွေးကြွနေကြတာ မဟုတ်လား။ မီးကို ရေနဲ့ လောင်းပြီး ငြှိမ်းသတ်ရမှာ။ ရေများများလောင်း။ နိုင်အောင်လောင်း။

သူ့ကိုနားလည်ပါ

စိတ်ကိုပြောင်းစေချင်ရင် သင့်အပေါ်နားလည်လာအောင်၊ သင့်ကိုယုံကြည်လာအောင် (ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်)၊ သင်ပြောတဲ့စကားကို နားလည်လက်ခံလာအောင်၊ အရင်ဦးဆုံး သင်နဲ့ မျက်လုံးချင်းဆုံပြီး ယုံယုံကြည်ကြည် ခင်ခင်မင်မင် ပြောနိုင်အောင် ကြိုးစားပါ။ မေတ္တာစွမ်းအားကို အသေအချာယုံကြည်ပါ။

၁။ နားလည်မှုအပြန်အလှန်ရှိရမယ် (Understand)၊

၂။ ဆက်သွယ်မှုရရှိရမယ် (Contact)၊

၃။ စိတ်ဝင်စားမှုပါရမယ် (Interest)။

သူပြောတာကို ကိုယ်ကလည်း စိတ်ဝင်တစားနားထောင်နိုင်ရမယ်။ 
စိတ်ရှည်ရမယ်။ သည်းခံနိုင်ရမယ်။

သူ့မျက်လုံး၊ သူ့မျက်နှာ၊ ခန္ဓာကိုယ်နေပုံထိုင်ပုံ၊ လက်တို့ ခြေထောက် တို့ထားပုံ၊ အနေအထား၊ ဟန်ပန်၊ အမူအရာ၊ လေသံ၊ သူမပြောပေမယ့် လက္ခဏာဖတ်ကြည့်ရင် သိရှိနိုင်တဲ့ အဓိပ္ပာယ်တွေ ရရှိနိုင်ပါတယ်။ ကြည့်ပြီး သိနေရမယ်။ မျက်ခြည်မပြတ် အကဲခတ်။ 

အချိန်ပေး 

သူ့အခြေအနေကို နားလည်အောင် အချိန်ပေးပြီးလေ့လာပါ။ ကြည့်ပါ၊ ရှုမှတ်ပါ၊ စိတ်ဝင်စားပါ။ အဲဒီအခါမှာ သူ့ကိုစကားပြောတဲ့ အချိန်ကျရင် နိဒါန်းဘယ်လိုပျိုးမယ်။  စာကိုယ်ဘာတွေပြောမယ်။ နိဂုံး  ဘယ်လိုအပြီးသတ်ရမယ်ဆိုတာ အကောင်းဆုံးပြင်ဆင်၊ လေ့ကျင့်၊ ဇာတ်တိုက်လို့ရပြီ။ 

သူနဲ့ ဆီလျော်မယ့် အဖွင့်စကားက သူ့ရဲ့ယာယီစိတ်အခြေအနေ (mood) အပေါ် မူတည်နေတယ်။ အပြန်အလှန် သံစဉ် Key ကိုက်အောင်  ကိုယ့်ဘက်က လိုက်လျောသင့်ရင်  လိုက်လျောရမယ်။ ကီးမကိုက်ရင် ဆက်ဆိုဖို့မလွယ်ဘူး။ အသံကြောင်တွေပဲ ထွက်လာမယ်။ ဟုတ်ပြီ အံကျမယ့်စကားနဲ့ ဖွင့်နိုင်ပြီဆိုပါစို့။ မှန်ကန်တဲ့အစကို ဆွဲမိပြီဆိုရင် သူဟာကိုယ့်ဘက်ပါလာဖို့ ရာနှုန်းပြည့်နီးပါး သေချာ နေပြီ။  (ပြည်သူတွေပါဝင်လေ ငြိမ်းချမ်းရေးအောင်မြင်လေလေ။) သူ့ကိုစကားမစခင် သူ့အကြောင်းကို ချေးခါး အူမမကျန်စေ့စေ့စပ်စပ် သိထားလေလေ ကောင်းလေလေပဲ။ သူပါးစပ်မဟခင်က သူ့မှာ အူဘယ်နှခွေ  ဝမ်းထဲမှာရှိသလဲကြိုသိနေရင်  စကားပြောရတာ ပိုအဆင်ပြေတယ်။ အပေးအယူ အဆင်ပြေတာပေါ့။ အချိန်ထုကို အသုံးချပါ။ ဝီရိယစိုက်ပါ။ ကိုယ်ကစပြီး လေ့လာထားရမယ်။ စုဆောင်း မှတ်သားရမယ်။ နားလည်အောင် ရှေးဦးစွာပြင်ဆင်ရမယ်။

အောင်မြင်မှုဆိုတာ ဘယ်လောက်စေ့စေ့စပ်စပ် ကြိုတင်ပြင်ဆင် သလဲဆိုတဲ့အချက်က အဖြေထွက်တာလေ။ 

နားထောင်ပါ

ကိုယ်ပြောတဲ့စကားကို သူတစ်ပါးနားဝင်အောင်၊ နားထောင်ချင်အောင် ပြောတတ်ဖို့၊ ပြောနိုင်ဖို့ဆိုတာ မိမိကိုယ်တိုင်က နားထောင်တတ်သူဖြစ်ဖို့လိုပါတယ်။ နားထောင်ခြင်းနဲ့ ပတ်သက်တဲ့အကြောင်း အရာက တော်တော်အရေးကြီးပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကို ၁၁ နှစ် ထမ်းဆောင်သွားခဲ့ပြီး ကိုယ့်နိုင်ငံမှာလည်း ကျောင်းဆရာ၊ ကျောင်းအုပ်ဆရာကြီး၊ သတင်းစာဆရာ၊ ပြန်ကြားရေး ညွှန်ကြားရေးဝန်၊ သံအမတ် စတဲ့တာဝန်တွေထမ်းရွက်ခဲ့တဲ့ ဦးသန့် (၁၉၀၉-၁၉၇၄)၊ လူထုသတင်းစာ၊  ကြီးပွားရေးဂျာနယ် စသဖြင့် ဦးစီးထုတ်ဝေခဲ့ပြီး စာပေဆုတွေလည်း ချီးမြှင့်ခံရတဲ့ သတင်းစာဆရာ လူထုဦးလှ (၁၉၁၀-၁၉၈၂) စတဲ့  ပညာရှိပုဂ္ဂိုလ်ကြီးများပင် ‘ကောင်းစွာနားထောင်တတ်ပါစေ’ ဆိုတဲ့ ဆောင်းပါးတွေကို အလေး ထားပြီး ရေးသားခဲ့ကြဖူးတာကို ဖတ်မိပါတယ်။ သူတစ်ဖက်သားကို ကိုယ့်အလိုပါအောင် ဆွဲဆောင်သိမ်းသွင်း စည်းရုံးတာဟာ နှလုံးရည် ပါပဲ။ သင်တို့ ကျွန်ုပ်တို့သာမန်ပြည်သူတွေ ကိုယ်တိုင်က နိုင်ငံတော် သာယာရေး၊  နိုင်ငံတော်ဖွံ့ဖြိုးရေး၊  နိုင်ငံတော်တိုးတက်စည်ပင် အောင်မြင်ရေးကို ကျရာကဏ္ဍက ပြည်သူပြည်သားကောင်းများအဖြစ် ပါဝင်ဖို့ တာဝန်ကျရောက်နေတဲ့ (အရေးကြီးလှတဲ့) ယနေ့အခြေအနေမျိုးမှာ စကားကို အောင်မြင်ထိရောက်အောင် ပြောတတ်ဖို့ လိုအပ်နေပါတယ်။
ပြည်သူတွေရဲ့အခန်းကဏ္ဍအဓိကကျတဲ့ ဒီမိုကရေစီစနစ် တည်ဆောက်နေကြချိန်မှာ တာဝန်သိတဲ့၊ နှလုံးရည်ပြည့်ဝတဲ့ ပြည်သူတွေနဲ့မှ အောင်မြင်ကြပေမယ်။

အန္တရာယ်

အ, အ အိပ်မက် မက်သလိုမျိုး ကိုယ့်စိတ်ထဲက သိမြင်နားလည် ထားပေမယ့် လမ်းချော်မှားယွင်းနေရှာကြတဲ့ လူငယ်လေးအချို့ကို အမှားသိမြင် အမှန်ပြုပြင်လာအောင် ပြောတတ်ဆိုတတ်၊ ပြောနိုင်ဆိုနိုင် မရှိကြရင်တော့ နိုင်ငံနဲ့လူမျိုးဟာ ရေတိမ်နစ်ဖွယ်ရာရှိပါတယ်။ အန္တရာယ်ဘေးရန်တွေက ဝိုင်းရန်ထားသလိုပဲ။

နားလည်အောင်၊ နားဝင်အောင်၊ အမှန်မြင်အောင် ဆွဲဆောင် စည်းရုံးကြဖို့ဆိုတာက မိမိကိုယ်တိုင် သဲသဲကွဲကွဲ ထင်ထင်ရှားရှား သိမြင်သဘောပေါက်တဲ့  ဝမ်းစာဗဟုသုတ  အကြားအမြင်လည်း (ကမ္ဘာကြည့်ကြည့်မြင်) ပြည့်စုံဖို့တော့ လိုတာပေါ့။ ဒါကတော့ မခက်ခဲပါဘူး။  နေ့စဉ် သတင်းစာဖတ်၊ တီဗွီကြည့်၊ ရေဒီယိုနားထောင်ရင် ရနိုင်တာပါပဲ။ လိမ်ညာမုသားစကားတွေနဲ့ အသိအမြင် လွဲမှားအောင် သတင်းတု၊ သတင်းယောင်တွေကို အသုံးပြုမှိုင်းတိုက်နေတဲ့ ဘေးရန် ကို မိမိကိုယ်တိုင်လည်း သတိသမ္ပဇဉ်ဉာဏ်နဲ့ ယှဉ်နိုင်ကြပါစေ။ မတူ ညီတဲ့ ဝါဝါ၊ နီနီ၊ စိမ်းစိမ်း အရောင်ဘယ်လိုပဲကွဲပါစေ တိုင်းပြည် အေးချမ်းလုံခြုံအောင် နှလုံးရည်ပြည့်ဝတဲ့ ပြည်သူတွေ နေရာတိုင်း၊ ရပ်ရွာတိုင်း၊ မြို့နယ်တိုင်းမှာ လိုနေပါတယ်၊ အသိဉာဏ်ပညာ ဗဟုသုတခွန်အားနဲ့ အမှောင်ထဲမှာ လဲကျနေရှာသူတွေကို ရဲရဲရင့်ရင့် ကယ်တင်ဖို့ အလင်းဖြာဖြန့်ဝေနိုင်ကြပါစေ……။

မလွဲမသွေ အောင်မြင်ပါစေ….။  ။

ဗညားကျန်းထော