ချောင်းဦး၊   ၄   ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်နှင့် မြောင်မြို့နယ်တို့အတွင်းရှိ သခွားမွှေးပင်လယ်ဟု တင်စားခေါ်ဝေါ်သည့် ပေါက်အင်းကြီးဒေသ သခွားမွှေးစိုက်ခင်းများအား စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးသွားလုပ်ငန်းဖော်ဆောင်ရန်နှင့် သခွားမွှေးဇုန်အဖြစ် ဖော်ဆောင်ရန် စီစဉ်လျက်ရှိပါကြောင်း တိုင်းဒေသကြီး ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။

ပေါက်အင်းကြီးဒေသ သခွားမွှေးစိုက်ခင်း ဧက ၁၀၀၀၀ ကျော်ကို တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးထားသောကြောင့် သခွားမွှေးဇုန်အဖြစ် အသိအမှတ်ပြုရန်နှင့် စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးသွားလေ့လာစရာနေရာတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ သခွားစိုက်ဧကအနေဖြင့် တစ်သောင်းကျော်ရှိပြီး၊ မန္တလေး-ပခုက္ကူ ကားလမ်း ဘေးတွင်း သခွားမွှေးဆိုင်ခန်းပေါင်း ၃၀ ရှိသည့်အတွက် နောင်တစ်ချိန်တွင် ပြည်တွင်း၌သာမက နိုင်ငံတကာကို ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတကာဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ စိုက်ပျိုးရေးပညာရှင်များလည်း လာရောက်လေ့လာမှုများ ရှိပါကြောင်း ဆက်လက်ပြောကြားသည်။

သခွားမွှေးစိုက်ခင်းအတွင်း အပန်းဖြေလာရောက်လေ့လာသူများနေဖြင့် အလှဓာတ်ပုံရိုက်ခြင်း၊ အသီးများ ကိုယ်တိုင် ခူးခြင်း၊ အမြည်းကျွေးခြင်း၊  စိုက်ခင်းထဲလည်ပတ်ရာတွင် ကားကိုအသုံးမပြုဘဲ လယ်ယာသုံးထွန်စက်များဖြင့်သာ လှည့်ပတ်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း၊ ဒေသအတွင်း အလုပ်အကိုင်ရရှိစေရန်အတွက် တစ်ဧကလျှင် လူ ၅ ဦးနှုန်း ဖြင့် ဧက ၁၀၀၀၀ ကျော်အတွက် လူ ၅၀၀၀၀ ကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်သည့် နေရာတစ်ခု ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးစိုးလွင်က ဆက်လက်ပြောကြားသည်။

မွှေးကြူဇင်