သီဟစည်သူ

 

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပေါက်စတောင်နှင့် ပတ်ဝန်းကျင်သစ်တောများရှိ အရှိုချင်း တိုင်းရင်းသားအများစု နေထိုင်ကြရာဒေသသည် မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နေသော အနောက်ဘက် မျက်ခုံးဖြူမျောက်လွှဲကျော်များ အပါအဝင် ရှားပါးမျိုးစိတ်များစွာ နေထိုင် ကျက်စားရာဒေသတစ်ခု ဖြစ်သည်။

ယင်းဒေသရှိ ဒေသခံတိုင်းရင်းသားများသည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက အသက်မွေးဝမ်းကျောင်းအတွက် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းဖြင့် မှီခိုခဲ့ကြရပြီး လူဦးရေတိုးပွားလာသည်နှင့်အမျှ ရွှေ့ပြောင်းတောင်ယာများ လည်းတဖြည်းဖြည်း များပြားလာခဲ့သည်။ နှစ်ရှည်သီးနှံများ စိုက်ပျိုးမှု အနည်းငယ်သာရှိခဲ့သဖြင့် ရွှေ့ပြောင်းတောင်ယာ လျှော့ချရေးအတွက် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ဒေသခံများ နှစ်ရှည်သီးနှံများ တိုးချဲ့ စိုက်ပျိုးရန် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI) က ရန်ပုံငွေနှင့် နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၄ ခုနှစ်တွင် အဓိကနှစ်ရှည်သီးနှံအဖြစ် ကော်ဖီတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့သည်။ ကော်ဖီသီးနှံသည် အရိပ်လိုအပ်ခြင်းကြောင့် သစ်တော သစ်ပင်များကို ထပ်မံခုတ်ယူချဲ့ထွင်ခြင်း မပြုတော့ဘဲ ယခင်က ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခဲ့သည့် နေရာများတွင် သစ်ပင်များ ပြန်လည် စိုက်ပျိုးခြင်းဖြင့် သစ်တောများနှင့် ဇီဝမျိုးစိတ်များကိုပါ တစ်ပါတည်းထိန်းသိမ်းသွားနိုင်ရေး တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI) နှင့် မိတ်ဖက်အဖွဲ့အစည်းများက ယင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

mdn

 

ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေး

 

၂၀၁၈ ခုနှစ်မှစတင်၍ ကော်ဖီစျေးကွက်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမို ကောင်းမွန်လာပြီး ပေါက်စတောင်ဒေသရှိ ကျေးရွာ ၁၈ ရွာ၌ ကော်ဖီစိုက်ဧက နှစ်ထောင်ကျော်ရှိနေပြီဖြစ်သည်။ ယခု အခါ အရည်အသွေးကောင်းသည့် ကော်ဖီများထုတ်လုပ်နိုင်ပြီး ဈေးကွက်ဝင်မှုကြောင့် တောင်သူများ ဝင်ငွေ သိသိသာသာ တိုးတက်လာနေပြီဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းတွင် ဒေသတွင်း ကျက်စားလျက်ရှိသည့် အနောက်ဘက် မျက်ခုံးဖြူ မျောက်လွှဲကျော် အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် သမားရိုးကျ ကော်ဖီစိုက်ပျိုးခြင်း နည်းမှ အော်ဂဲနစ်ကော်ဖီ စိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းမှု ပိုမို အားကောင်းလာစေရေးနှင့် နိုင်ငံတကာအသိအမှတ်ပြု Wildlife Friendly Certificate ရရှိနိုင်ရေး ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI)က ထုတ်ပြန်ထားသည်။

 

မျိုးစိတ်ပေါင်း ၂၀ ခန့်ရှိ

 

ကမ္ဘာပေါ်တွင် မျောက်လွှဲကျော် (Gibbon) မျိုးစိတ်ပေါင်း ၂၀ ခန့်ရှိပြီး မျောက်လွှဲကျော် မျိုးစိတ်သည် မျိုးစဉ်အရ လူဝံအုပ်စုဝင်များဖြစ်သည်။ ယင်းမျောက် လွှဲကျော်မျိုးစိတ်များသည် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် အိန္ဒိယ စသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် ပျံ့နှံ့ကျက်စား လျက်ရှိပြီး ယင်းမျိုးစိတ်များအနက် မျိုးစိတ်ခြောက်မျိုးသည် မျိုးသုဉ်းမှု အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်း သိရ သည်။ မျောက်လွှဲကျော် မျိုးစိတ်များသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄၀ မှ ၅၀ အထိ နေထိုင်ကြရပြီး သစ်သီးသစ်ဥများ၊ သစ်ရွက်နုများ၊ အင်းဆက်ပိုးမွှားများကို စားသောက်ကြသည့် အစုံစားသတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့၏ အညစ်အကြေးမှ ပြန်လည်စွန့်ထုတ်လိုက်သည့် အသီးစေ့တို့သည် သစ်တောများ ပြန်လည်ပေါက်ဖွားရာတွင် များစွာ အထောက်အကူပြုသည့်အတွက် ၎င်းတို့သည် ဂေဟစနစ်၏ အထောက်အကူများလည်း ဖြစ်ကြောင်း သိရသည်။

 

မျိုးစိတ်လေးမျိုး ကျက်စား

 

မြန်မာနိုင်ငံတွင် စကိုင်းဝေါ်ကာ မျောက်လွှဲကျော်၊ လက်ဖြူမျောက်လွှဲ ကျော်၊ အနောက်ဘက် မျက်ခုံးဖြူ မျောက်လွှဲကျော်နှင့် အရှေ့ဘက်မျက်ခုံးဖြူ မျောက်လွှဲကျော်အပါအဝင် မျောက်လွှဲ ကျော် မျိုးစိတ်လေးမျိုး ကျက်စားလျက်ရှိ ကြောင်းသိရသည်။

စကိုင်းဝေါ်ကာ မျောက်လွှဲကျော်မျိုးစိတ်(Skywalker Gibbon)ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အများဆုံး တွေ့ရှိရပြီး မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်နှင့် သံလွင်မြစ်အကြား၊ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသတို့တွင် တွေ့ရှိရ သည်။ လက်ဖြူမျောက်လွှဲကျော်မျိုးစိတ် (White-handed Gibbon or Lar)ကို တနင်္သာရီတိုင်းဒေသကြီးရှိ အမျိုးသား ဥယျာဉ်များတွင် တွေ့ရှိရသည်။ အနောက်ဘက် မျက်ခုံးဖြူ မျောက်လွှဲကျော် မျိုးစိတ်(Western Hoolock Gibbon)ကို ချင်းတွင်းမြစ် အနောက်ဘက်ကမ်း၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်း၊ မကွေးတိုင်း ဒေသကြီးရှိ ပဲခူးရိုးမတောနှင့် ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသတို့တွင် အများဆုံး တွေ့ရှိရသည်။ ၂၀၁၉ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံတွင် အနောက်ဘက် မျက်ခုံးဖြူ မျောက်လွှဲ ကျော် အကောင်ရေတစ်သိန်းခန့် ပျံ့နှံ့ကျက်စားနေကြောင်း သိရသည်။ အရှေ့ဘက် မျက်ခုံးဖြူမျောက်လွှဲကျော် မျိုးစိတ် (Eastern Hoolock Gibbon)ကိုမူ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း၊ ရှမ်းပြည်နယ်နှင့် ဟူးကောင်းချိုင့်ဝှမ်း ဒေသတို့တွင် တွေ့ရှိရကာ ၂၀၁၉ စစ်တမ်း အရ မြန်မာနိုင်ငံတွင် အရှေ့ဘက် မျက်ခုံးဖြူမျောက်လွှဲကျော် ကောင်ရေ သုံးသိန်းခန့် ကျက်စားနေထိုင်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကျက်စားလျက်ရှိသည့် မျောက်လွှဲကျော် မျိုးစိတ်အားလုံးသည် နေထိုင်ရာ သစ်တောများ ရှားပါးလာခြင်း၊ တရားမဝင် ဖမ်းဆီးခြင်း၊ အမဲလိုက်ခံရခြင်းနှင့် မြို့ပြများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကြောင့် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် နှစ်စဉ် အောက်တိုဘာ ၂၄ ရက်ကို နိုင်ငံတကာ မျောက်လွှဲကျော်များနေ့အဖြစ် သတ်မှတ် ၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။