နေပြည်တော် ၁၆ အောက်တိုဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြ သင်တန်းအဆင့်(၁) IAAF CECS Level-1 Course သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၈နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပသည်။

 

mdn

 

သင်တန်းဖွင့်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိုင်ငံတော်အနေဖြင့် ပြေးခုန်ပစ်အားကစားနည်းတွင်လိုအပ်သော အထောက်အကူပြုပစ္စည်းများ၊ အားဆေးများ၊ အစားအသောက်များကို ကူညီထောက်ပံ့ပေးနေပါကြောင်း၊ အားကစားနှင့် ပတ်သက်သည့် နိုင်ငံတကာအသိအမှတ်ပြုဥပဒေ၊ မြန်မာနိုင်ငံ တည်ဆဲဥပဒေများကိုလည်း သိရှိလိုက်နာနိုင်ရေး သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/ သင်တန်းသူများအနေဖြင့် မိမိတို့တွင်ရှိသော အရည်အချင်းများနှင့် သင်တန်းမှပို့ချသော စာတွေ့လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အထူးကြိုးစား လေ့ကျင့်သင်ကြားကြစေလိုကြောင်း၊ အရည်အချင်းပြည့်ဝသော နည်းပြကောင်းများ ပေါ်ထွက်လာပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ မွေးထုတ်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ခန်းစာပို့ချမည့် သင်တန်းနည်းပြဆရာများအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

 

သင်တန်းကို သင်တန်းသား(၁၇)ဦး၊ သင်တန်းသူ(၇)ဦးဖြင့် အောက်တိုဘာ ၁၆ ရက်မှ ၂၇ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်