ပေါက်ခေါင်း သြဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများနှင့် ပိုးတွေ့အတည်ပြု သေဆုံးလူနာများလည်းရှိကာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၇၉၁ ) ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင် ၂ ရက်နေ့မှ သြဂုတ် ၁၈ ရက်အထိ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၀၆၆) ဦးရှိပြီး ပိုးတွေ့အတည်ပြုလူနာ သေဆုံးသူ စုစုပေါင်း (၂၈) ဦးရှိကာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၇၉၁) ဦးရှိပြီဖြစ်သည်။ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများအား သက်ဆိုင်ရာ ကုသရေးဌာနများနှင့် ယာယီကုသရေးစင်တာများတွင် ကျန်းမာရေးစောင့်ရှောက် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိကာ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ အတူနေမိသားစုဝင်များအား အသွားအလာ ကန့်သတ်၍ Quarantine စင်တာများတွင်ထားရှိပြီး စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့နည်းလာစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအား မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်းရေးအတွက် မိမိတို့နေအိမ်များတွင်သာ နေထိုင်ကြရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားလာရပါက တစ်ဦးထက်မပိုဘဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်တို့တွင် ဖျားနာသူများရှိပါက သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြသ ကုသရေး တို့အား ပူးပေါင်းဆောင်ရွက်သွားကြရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ အသံချဲ့စက်ဖြင့် နေ့စဉ်တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဥမ္မာကျော်(မြို့နယ်ပြန်/ဆက်)