ပေါက်ခေါင်း ဧပြီ ၁၂
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ လေပြင်းများ တိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အမိုးလန်နေအိမ်နှင့် ပြိုလဲနေအိမ် အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဧပြီ ၁၂ ရက်နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်တို့က ဧပြီ ၈ ရက်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တောင်လည်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၊ လှည်းကူးကျေးရွာ၊ ချောင်းဖြောင့်ကျေးရွာတို့ရှိ အမိုးလန်အိမ်ခြေ (၃၅)လုံး၊ လူဦးရေ (၁၂၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၃၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၂၅၄၁၀၀)ကျပ် စုစုပေါင်း (၁၅၈၄၁၀၀)ကျပ်နှင့် တောင်လည်ကျေးရွာရှိ ပြိုလဲအိမ် ( ၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ( ၁၆)မျိုး ပါ (၁) ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်းကျပ်ကို လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် ( ပြန်/ဆက်)