ပေါက်ခေါင်း ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် စိုက်ပျိုးသစ်ပင်များရှင်သန်ဖွံ့ဖြိုး ကြီးထွားရေးအတွက် လိုအပ်သောအာဟာရဓာတ်များ ထောက်ပံ့နိုင်ရန် သဘာဝဇီဝမြေဩဇာလက်တွေ့ သရုပ်ပြပွဲကို မြို့မအုပ်စု အမှတ် (၃)ရပ်ကွက် နည်းပညာပြန့်ပွားရေးစင်တာ၌ ယမန်နေ့က ပြုလုပ်သည်။
ထိုသို့ ပြုလုပ်ရာတွင် သီးနှံစွန့်ပစ်ပစ္စည်းများဖြစ်သော (ကောက်ရိုး၊ ကြံမြှုပ်ချေး၊ ဖွဲနု)၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း (နွားချေး)နှင့် တင်လဲရည်၊ အသင့်သုံး အကျိုးပြု အဏုဇီဝသက်ရှိများကို စနစ်တကျ တစ်လွှာပြီးတစ်လွှာ အထပ်ထပ်ပြုလုပ်၍ လက်တွေ့သရုပ်ပြခဲ့ပြီး သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာများ ပြုလုပ်သုံးစွဲခြင်းကြောင့် စိုက်ပျိုးရေးထွက်ကုန်များတွင် ဘေးအန္တရာယ်ကင်းရှင်းစေ၍ မြေအစိုဓာတ်ထိန်းသိမ်းပေးခြင်း၊ မြေကြီးအတွင်းရှိ အပင်များကို အကျိုးပြုသည့် အဏုဇီဝများ တိုးပွားလာစေခြင်း၊ လေဝင်လေထွက် ကောင်းမွန်ခြင်းများ ရရှိမည်ဖြစ်သည်။
အဆိုပါ သရုပ်ပြပွဲသို့ တောင်သူများ တက်ရောက်လေ့လာခဲ့ကြပြီး သဘာဝမြေသြဇာနှင့် ဇီဝမြေသြဇာများ ပြုလုပ်သုံးစွဲခြင်းသည် ကုန်ကျစရိတ်သက်သာစေပြီး မြေဆီလွှာတိုးတက် ကောင်းမွန်စေမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)


