ပေါက်ခေါင်း ၄  ဒီဇင်ဘာ 

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၅)ရွာ၌ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ကျေးရွာ၏ အဓိက လိုအပ်ချက်များ ပါဝင်သော ဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲစေပြီး အဆိုပါစီမံချက်လုပ်ငန်းများကို ဦးစားပေး အဆင့်အလိုက် သတ်မှတ်ကာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)အဖြစ် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ထောက်ပံ့ကာ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုးထံမှ သိရသည်။

 

“ကျွန်တော်တို့ ပေါက်ခေါင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းမှာတော့ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ကို ကျေးရွာ(၁၅)ရွာ၌ ငွေကျပ်သိန်း ၁၀ဝ စီ ထောက်ပံ့ကာ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ ယင်းကျေးရွာ ၁၅ ရွာကို ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲနည်းသင်တန်းများ ဖွင့်လှစ် ပို့ချပေးနေပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဦးသက်စိုးက ရှင်းပြသည်။

 

ပေါက်ခေါင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ (၁၅)ရွာမှာ အိုင်ဇောက်၊ မြို့တောင်၊ ဗောဓိကုန်း၊ ဆူးပုတ်ကုန်း၊ ကြိုးကြာ၊ သဖန်းကိုင်း၊ ရွှေတောင်ငွေတောင်၊ ဘန့်ပြင်၊ သစ်ပုတ်၊ လေသာတောင်ကြီး၊ ချောင်းကြိုး၊ ပေါ်လံကြီး၊ တောင်ပျောက်၊ ညောင်ဝန်း၊ ပျားဆိုး ကျေးရွာများဖြစ်ပြီး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန် အထိ ကျေးရွာပေါင်း (၁၇)ရွာတွင် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုးထံမှ သိရသည်။

 

 

ငြိမ်းသူ