နေပြည်တော်  ၂၅ ဇန်နဝါရီ   


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်း ပင်မရေလှောင်တမံ၏ ပေတိုင် ၆၀ဝ၀ မှ ပေ ၆၁၀ဝ အကြား တမံထိပ်ပြင် (Crest) တွင် ဇန်နဝါရီ ၈ ရက်က အလျားပေ ၁၀ဝ ခန့် ၊ အနက် ၃ ပေခန့်၊ အကျယ် ၃ လက်မခန့်ရှိ ကန့်လန့်ဖြတ်အက်ကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ရာ  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တမံကိုယ်ထည်မြေသား လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ရန်အတွက် အက်ကြောင်းအတွင်းသို့ သဲကြမ်းများဖြည့်ထည့်ခြင်း လုပ်ငန်းကိုဆောင်ရွက်ခဲ့ကြောင်းနှင့် တမံ၏ လက်ရှိအခြေအနေမှာ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်း သိရသည်။


တမံအက်ကြောင်းဖြစ်ပေါ်နေမှုအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ (၂၄) နာရီ အချိန်ပြည့် စောင့်ကြည့်တိုင်းတာ စစ်ဆေးလျက်ရှိရာ အက်ကြောင်းအတိုင်းအတာ ပမာဏပြောင်း လဲလာမှုရှိ/ မရှိ၊ တမံထိပ်မျက်နှာပြင်နိမ့်ကျ ပြောင်းလဲလာမှု ရှိ/ မရှိ၊ တမံကိုယ်ထည် (Dam Body) မှာ နောက်ဘက်သို့ ရွေ့လျားမှုရှိ/ မရှိ စောင့်ကြည့်တိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ ပြောင်းလဲမှု၊ ရွေ့လျားမှု တစ်စုံတစ်ရာ မရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။


အဆိုပါ တောင်နဝင်းပင်မ ရေလှောင်တမံ အက်ကြောင်းဖြစ်ပေါ်သည့် နေရာသို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒီဇိုင်းပညာရှင်နှင့် ဘူမိဗေဒပညာရှင်များပါဝင်သောအဖွဲ့၊ ဂျပန် (ODA) ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဆည်ရေသောက်စနစ် များပြုပြင်ခြင်း၊ စီမံကိန်းမှ ဂျပန်အတိုင်ပင်ခံ ပညာရှင် Mr. Mori တို့ ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်က  သွားရောက်စစ်ဆေးခဲ့ခဲ့သည်။ 


အဆိုပါ ပညာရှင်များ၏ ကွင်းဆင်းစစ်ဆေး သုံးသပ်ချက်အရ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ရေလှောင်တမံတည်ရှိရာ ပေါက်ခေါင်းမြို့၏ အရှေ့ဘက် (၁၆) မိုင်ခန့်အကွာ၌ ဗဟိုပြု၍ အင်အား (၃.၈) အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ခြင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ရေလှောင်တမံတည်ရှိရာ ပေါက်ခေါင်းမြို့၏ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ ဗဟိုပြု၍ အင်အား (၅.၁) အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ခြင်း၊ (၂၇.၁၀.၂၀၁၈) ရက်နေ့တွင် ရေလှောင်တမံအနီး ဗဟိုပြု၍ အင်အား (၄.၅) အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ခြင်း၊ ယခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ရေလှောင်တမံတည်ရှိရာ ပေါက်ခေါင်းမြို့၏ အရှေ့ဘက် (၁၃) မိုင်ခန့်အကွာ၌ဗဟိုပြု၍ အင်အား (၃.၇) အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ခြင်း အပါအဝင် စုစုပေါင်း မြေငလျင် လေးကြိမ်လှုပ်ခတ်ခဲ့မှုများကြောင့် တမံအောက်ခြေ အုတ်မြစ် ကျောက်သားတွင် လှုပ်ရှားမှုဖြစ်ပေါ်ပြီး တမံထိပ်မျက်နှာပြင် (Crest) ၌ အက်ကြောင်းဖြစ်ပေါ်ရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြောင်း သိရသည်။


တမံကိုယ်ထည်နှင့် အောက်ခံအုတ်မြစ် အခြေအနေများကို ဘူမိဗေဒဆိုင်ရာ စူးစမ်းတိုင်းတာခြင်း နည်းပညာများဖြင့် အသုံးပြု၍ စူးစမ်းတိုင်းတာခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂၅ ရက်မှ စတင်ကာ စီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 


ဘူမိဗေဒဆိုင်ရာ စူးစမ်းတိုင်းတာမှုများအရ တွေ့ရှိမှုများကို အခြေခံ၍ ရေလှောင်တမံ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်သွားမည် ဖြစ်သည်။  


ရေလှောင်တမံ၏ ဘေးအန္တရာယ် ကျရောက်နိုင်သည့် အခြေအနေမရှိသော်လည်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပိုမိုလုံခြုံစိတ်ချစွာ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး အရေးပေါ် အခြေအနေ စီမံချက်ကို ရေးဆွဲထားရှိပြီးဖြစ် ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


သတင်း - ဇင်ဦး(မြန်မာ့အလင်း)၊ 
ဓာတ်ပုံ - ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန