လွန်းပိုးအိမ်

 

“ပေါက်လဲပွင့်တုံ၊

ဆူးပန်းငုံ၊

မီးပုံယာဂုပွဲ”

(ကင်းဝန်မင်းကြီး)

 

ပေါက်ပန်း၊ လဲပန်း၊ ဆူးပန်းတို့ ဖူးပွင့်ခဲ့လေပြီ။ ပြာသိုမှာ ခွာညိုပန်းတို့ သင်းရနံ့လှိုင်ခဲ့ကြသလို တပို့တွဲလအခါ သမယတွင်လည်း ပေါက်၊ လဲ၊ ဆူးတို့ မြူးကြွစွာ ဖူးပွင့်ခဲ့လေပြီ။

 

မြန်မာ့အလှသဘာဝကို ဖော်ဆောင်

မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီတွင် လတိုင်းလတိုင်းသည်အနက် အဓိပ္ပာယ်နှင့် မြန်မာ့အလှ သဘာဝကို ဖော်ဆောင်ရင်း ဘာသာရေးကို အခြေခံသော ပွဲတော်များကို လအလိုက် ဆင်ယင် ကျင်းပခဲ့ကြသည်။ တပို့တွဲလသည် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သည့်အတွက် အလွန်အေးချမ်းလှသည့် ထိုရာသီတွင် အအေးလွန်ကဲ၍ နှာရည်များပင်ကျသည့်အတွက် ရှေးစာဆိုတော်ကြီးများက “နှာရည်ယိုရွှဲ တပို့တွဲ”၊ “တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါ” ဟု တင်စားရေးသားခဲ့ကြသည်။

 

တပို့တွဲလသည် နှင်းမှုန်၊ နှင်းစက်၊ နှင်းငွေ့များဖြင့် ရီဝေမှုန်ဝါးကာ အေးချမ်းသာယာပြီး လူတို့၏ နှလုံးဘဝင်ကို စိတ်ပျော်ရွှင်စေသော လလည်းဖြစ်ပါသည်။ တပို့တွဲလကို ပုဂံခေတ် ကျောက်စာ များတွင် တပိုဒ်တွယ်၊ တပိုတွဲ၊ တပိုင်တွဲ ဟူ၍ အမျိုးမျိုးရေးသားခဲ့ကြပြီး မျက်မှောက်ခေတ်တွင် တပို့တွဲဟူ၍သာ ခေါ်ဝေါ်ခဲ့ကြသည်။

 

တပို့တွဲလ၏အမည်သည် ထိုရာသီတွင် ဖူးကြသီးကြသော ထန်းပင်ကိုအကြောင်းပြု၍ ခေါ်ဝေါ်ခဲ့ကြောင်း စာပေများတွင် တွေ့ရပေသည်။ တပို့တွဲလတွင် ထန်းဖူးထန်းခိုင်တို့ကို အောက်သို့ တွဲလောင်းကျအောင် ပြုလုပ်၍ ထန်းရည်နင်းသည်ကို အစွဲပြုကာ တပို့တွဲလဟု တွင်လာကြကြောင်း စာဆိုများက ရေးသားခဲ့ကြသည်။ တပို့တွဲလနှင့် ပတ်သက်၍ စာဆိုဦးယာက “ပေါက်လဲ ငုံကင်း၊ ထန်းယဉ်နင်းသည်၊ နှင်းစီစီငယ်နှင့်လေး” ဟူ၍ ရာသီပန်းနှင့် အေးချမ်းသောအချိန်အခါ၊ ထန်းများဖူးသောလကို စာဆိုရှင်က မြင်သာအောင် ရေးပြခဲ့သည်။ ထို့အတူ ကျော်အောင်စံထား ဆရာတော်ကြီးကလည်း ဝေါဟာရတ္ထ ပကာသနီကျမ်းတွင် လယ်သမားများသည် လယ်ယာကိစ္စ အချို့ပြီး၍ လယ်ယာလုပ်ကိရိယာများဖြစ်သော ထမ်းပိုးများကို ဆွဲထားလေ့ရှိသောကြောင့် ထမ်းပိုးဆွဲမှ တပို့တွဲလဟူသော စကားဖြစ်ပေါ်လာသည်ဟု မြန်မာဆန်ဆန် ကြံစည်ယူဆခဲ့ကြသည်ဟု ဆိုထားပြန်သည်။

 

 

မီးဖုန်းပွဲနှင့် ထမနဲပွဲများ

မြန်မာတို့၏ ၁၂ လရာသီတွင် ဘာသာရေးကို အခြေခံသော ကောင်းမှပွဲတော်များကို ဆင်ယင်ကျင်းပခဲ့ကြရာ၌ တပို့တွဲလတွင်လည်း ရှေးမြန်မာမင်းများလက်ထက်ကပင် အဓိပ္ပာယ် အနှစ်သာရ ပြည့်ဝစွာဆင်ယင်ကျင်းပခဲ့ကြရာ တပို့တွဲလတွင် ဘာသာရေးကို အခြေခံသော မီးအလှူပွဲ (ခေါ်) မီးဖုန်းပွဲနှင့် ထမနဲ (ထမင်းနှဲ)ပွဲများမှာ မြန်မာ့ယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ထင်ရှားပါသည်။

 

တပို့တွဲလ၏ အချမ်းအအေးဒဏ်ကြောင့် သုံးလောကထွတ်ထား မြတ်စွာဘုရားကိုယ်တော်တိုင်ပင် တပို့တွဲလညများ၌ ဆီးနှင်းများ ပြင်းထန်စွာကျ၍ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသော ကြောင့် ဓာတ်ကြီးလေးပါး မျှတစေရန် မီးအိုးကင်းတွင် ရွှေလက်တော်တင်ကာ မီးလှုံတော်မူခဲ့ကြောင်း မှတ်သားရသည်။ ဤသည်ကို အစွဲပြု၍ ရှေးမြန်မာတို့သည် တပို့တွဲလတွင် မီးကုသိုလ်ပြုပွဲ(မီးဖုန်းပွဲ)ကို ဆင်နွှဲခဲ့ကြသည်။

 

မီးကုသိုလ်ပြုပွဲ(မီးဖုန်းပွဲ)တွင် နံ့သာထင်းများဖြင့် မြတ်စွာဘုရားအား ပူဇော်ခဲ့ကြသည်။ မြန်မာနိုင်ငံ မန္တလေး၊ ရွှေဘိုစသည့် အထက်အညာဒေသရှိ အချို့အရပ်များတွင် တပို့တွဲလဆန်းရောက်ပါက တောထဲသို့သွား၍ သနပ်ခါးထင်းများခုတ်ကာ နေပူလှန်းထားကြသည်။ တပို့တွဲလပြည့်နေ့ ရောက်သောအခါတွင် ခြောက်နေပြီဖြစ်သော နံ့သာထင်းများ ကို စေတီပုထိုး ရုပ်ပွားတော်များရှေ့တွင် စေတီသဏ္ဌာန်၊ ပြာသာဒ်သဏ္ဌာန် ပြုလုပ်၍ မီးပူဇော်ကာ မီးကုသိုလ်အလှူ ကို ပြုကြသည်။ တချို့အရပ်ဒေသတွင် ဘုရားပုထိုးစေတီသာမက သံဃာများကိုလည်းကောင်း၊ သက်ကြီးရွယ်အိုများ ကိုလည်းကောင်း နံ့သာထင်းများဖြင့် မီးအိုးကင်း လှူတတ်ကြသည်။

 

မီးကုသိုလ်ပြုပွဲနှင့် ပတ်သက်၍ မြင်းခွာရွာစား၏ ရတုတွင် “ပေါက်လဲ ပွင့်လှိုင်၊ လနှင့်ပြိုင်က၊ ဘုန်းခိုင်မြတ်ဖျား၊ ကိုယ်တော်စားဟု၊ သုံးပါးရတနာ၊ ဖြတ်ရာရာဝယ်၊ သဒ္ဓါကြည်လင်၊ ပျော်မြူး ရွှင်လျက်၊ သဘင်မီးပုံး၊ တပြုံးပြုံးသည်” ဟု ဖွဲ့ဆိုထားသည်။

 

ထို့အတူ စာဆို ဦးယာကလည်း “သုံးလူ့ချာကို၊ ရှိန်ဝါရောင်ညီး၊ မီးပုံး ပူဇော်၊ လှူတော်လှူမြဲ၊ ရာသီပွဲ” ဟု လည်းကောင်း၊ ဆီသည်ရွာစား ဦးအောင်ကြီးက “ယာဂုအဖျော်၊ ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊ မီးပုံးသဘင်၊ လှူကြီး ရင်သည်၊ ချောင်ရင်နိဗ္ဗာန်ကျွန်းတည့် လေ”ဟူ၍လည်းကောင်း ဖွဲ့ဆိုခဲ့ကြ သည်။ ယခုအခါ နံ့သာထင်းများ ရှားပါး လာသည့်အတွက် မီးကုသိုလ်ပွဲ(မီးဖုန်းပွဲ) ပြုလုပ်သည့် အလေ့အထမှာ တစ်စတစ်စ ပျောက်ကွယ်လုနီးပါးဖြစ်လာပြီး မီးဖုန်းပွဲ အစား ထမနဲပွဲကိုသာ ကျင်းပခဲ့ကြပေသည်။

 

ယာဂုထမနဲထိုးပွဲများကို ပျော်ရွှင်စွာကျင်းပ

မြန်မာတို့သည် တပို့တွဲလရောက် တိုင်းနိုင်ငံတစ်ဝန်း မြို့ရွာကျေးလက်အနှံ့ အလှူရှင် တစ်ဦးချင်းမှသည် အများစုပေါင်း၍ ယာဂုထမနဲထိုးပွဲများကို ပျော်ရွှင်စွာကျင်းပခဲ့ကြသည်။ အလှူရှင် များက ထမနဲများကို ရဟန်းသံဃာ၊ လူပရိသတ်အပေါင်းကို လှူဒါန်းကျွေးမွေး ကုသိုလ်ပြုသည့် ဓလေ့သည် မြန်မာလူမျိုးတို့၏ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့တစ်ရပ်ကိုဖော်ပြ လျက်ရှိသည်။

 

တပို့တွဲလ အခါသမယသည် အလွန်အေး၍ အဆီခြောက်ခန်းချိန်ဖြစ်သည့်အတွက် ထိုလတွင် ဆီနိုင်သော အပူစာထမနဲကို သုံးဆောင်လျှင် အသားအရေ စိုပြည်၍ အပူဓာတ်ရလာနိုင်သည့် ရာသီ ကိုက်ဓာတ်စာဖြစ်ကြောင်း ဆေးကျမ်းများတွင် ရေးသားထားပါသည်။ ယနေ့ခေတ်တွင် ထမနဲဟု ခေါ်ကြသော်လည်း ထမင်းနှဲဟူ၍ ရေးထုံးရှိသည်။ ကောက်ညှင်းကို နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ချင်း စသည်တို့ဖြင့် စီမံပြုလုပ်ထားသော ချိုဆိမ့်မွှေးအရသာရှိသည့် မြန်မာ့အစားအစာ ဖြစ်သည်။ ကောက်ညှင်းထမင်းကို ထပ်ပြန်တလဲလဲ ကော်များ၊ ပတ်စာများ နှဲဘိအလား နှဲရသောကြောင့် ထမင်းနှဲဟု ခေါ်ဆိုကြောင်း သိရသည်။ အလားတူ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသဖြင့် နှမ်းမနဲဟု လည်း ခေါ်ဆိုကြပြန်သည်။

 

တပို့တွဲလတွင် ရှေးမြန်မာမင်းများ လက်ထက်ကပင် မီးဖုန်းပွဲနှင့်အတူ ထမနဲပွဲကို ကျင်းပခဲ့ကြသည်။ အစောဆုံးတွေ့ရသော ထမနဲပွဲမှာ ညောင်းရမ်းခေတ်နောက်ပိုင်း (ဒုတိယအင်းဝခေတ်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း စာပေ ကျမ်းဂန်များတွင် တွေ့ရှိရသည်။ ထမနဲထိုးရာတွင် ယောကျ်ားကြီးများ အားကောင်းမောင်းသန် ချွေးပြိုက်ပြိုက်ကျအောင် စည်းလုံးညီညွတ်စွာထိုးကြရသဖြင့် စည်းလုံး ချစ်ခင်မှုနှင့်အတူ အေးမြသောရာသီကို အန်တုယှဉ်ပြိုင်ကာ ထိုးကြရသဖြင့် ကျန်းမာရေးအတွက် လည်း ကောင်းမြတ်လှပေသည်။

 

တပို့တွဲလ၏ ထူးမြတ်ချက်မှာ မီးဖုန်းပွဲနှင့် ထမနဲပွဲတော် ကျင်းပခြင်းပင်ဖြစ်သည်။ ထိုပွဲတော် နှစ်ရပ်လုံးသည် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်စူးရည်မှန်းကာ ပူဇော်သောအလှူပွဲများဖြစ်ရာ တပို့တွဲလ အခါသမယသည် မြန်မာလူမျိုးတို့၏ ရိုးရာပွဲတော်များနှင့်အတူ ပျော်ရွှင်ကြည်နူးစရာ လတစ်လ ဖြစ်ပါတော့သည်။