ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ် မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက်  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကျရောက် နေသည့် ဧရိယာအကျယ်အဝန်း ၁၀,၅၇၅ ဧက ရှိသောနယ်မြေကို  “ပေါက်မ-ကယ်ဘာ ကြိုးပြင် ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၂၆ )အရ (၁၃၈၇)ခုနှစ်၊ တပေါင်းလဆန်း(၃)ရက်၊ (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာ့သစ်တောမူဝါဒ၏ ရည်မှန်းချက်ဖြစ်သော ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ဧရိယာကို မြန်မာနိုင်ငံဧရိယာ၏ (၃၀%) ဖွဲ့စည်း နိုင်ရန်၊ ရေမြေသဘာဝတောတောင် ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထာဝစဉ်တည်တံ့စေရေး ထိန်းသိမ်းကာကွယ်ရန်၊ အပူပိုင်းဒေသတောများဖြစ်၍ ရာသီဥတုမျှတ ကောင်းမွန်လာစေရန်နှင့်  ဒေသခံများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်လာစေပြီး ဒေသခံပြည်သူများ၏ အခြေခံ စား၊ ဝတ်၊ နေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်း သတ်မှတ်ခြင်း ဖြစ်ပါသည်။

 

“ပေါက်မ-ကယ်ဘာကြိုးပြင်ကာကွယ်တော” သတ်မှတ်ခြင်းဖြင့် အပူပိုင်းဒေသသစ်မျိုးများဖြစ်သည့်  သန်း၊ ဒဟတ်၊ ထောက်ကြံ့၊ ရှား၊ အင်ကြင်း၊ သစ်ယာ၊ လွန် ၊ ဇီးဖြူ ၊ ဖန်ခါး၊ သစ်စေး၊ သစ်ပုဂံစသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်ခြင်း၊ ကာကွယ်တောအတွင်းမှီခိုနေထိုင်ကြသော သားငှက်တိရစ္ဆာန်များ ဖြစ်သည့် ဂျီ၊ တောဝက်၊ ယုန်၊ ကြောင်၊ ဖွတ်၊ ပဒတ်၊ ကြောင်၊ ယုန် ၊ မြွေ ၊ ကုန်းလိပ်၊ သိမ်းငှက်၊ ဂျိုး၊ ဆက်ရက်၊ ငူ၊ ငုံး ၊တောကြက်၊ ခါ၊ ဘီလုံးငှက်၊ စွေ့ငှက်၊ ကြက်တူရွေးနှင့် ငှက်တော်စသည့် တောရိုင်း တိရစ္ဆာန်များအား ထိန်းသိမ်းနိုင်မည့်အပြင် ကြိုးပြင်ကာကွယ်တောအနီးရှိ ကျေးရွာနေဒေသခံပြည်သူ များ၏ အခြေခံစားဝတ်နေရေးဖြစ်သည့် လယ်ယာသုံးပစ္စည်းများ၊ ဒေသသုံး မျော၊ တိုင်၊ ထင်း ၊ ဝါးများနှင့် သစ်တောများမှ ဟင်းသီး ဟင်းရွက်များ၊ သစ်ဥသစ်ဖုများ၊ ပရဆေးများ စသည်တို့ကို အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်ခြင်း၊ သဲကန္တရဖြစ်ထွန်းမှုတိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက် နိုင်မည်ဖြစ်ခြင်း၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်လာပြီး ရာသီဥတုမျှတ၍ ဒေသခံပြည်သူများ၏လယ်၊ ယာမြေ၊ ကောက်ပဲသီးနှံများ အထွက် တိုးလာစေခြင်း၊ ဒေသခံပြည်သူများအနေဖြင့် သစ်တောများမှ တိုက်ရိုက်နှင့်သွယ်ဝိုက်သော အကျိုးကျေးဇူးများခံစားနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တော သစ်ပင်များ၏ ဂေဟစနစ်များ ထာဝစဉ်တည်တံ့စေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန