ပေါက် ၂ ဇန်နဝါရီ
ပြည်သူများအနေဖြင့် သန့်ရှင်းရေးဆိုင်ရာ အသိပညာများရရှိကာ သန့်ရှင်းကျန်းမာပြီး အမှိုက်ကင်းစင်သော ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပေါက်မြို့နယ် ငမို့လေးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျေးရွာသူ ကျေးရွာသားများနှင့် “ပညာ့ဥယျာဉ်ပရဟိတ လူမှုကူညီရေးအသင်း”မှ လူငယ်များ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ ကင်းစင်ရေး၊ စနစ်တကျစွန့်ပစ်ရေး ပညာပေးဟောပြောပွဲနှင့် လက်တွေ့လှုပ်ရှား ဆောင်ရွက်မှုများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျေးရွာတာဝန်ခံ ဦးအောင်ကိုနိုင်က အဖွင့်အမှာစကားပြောကြားပြီး ဖလံကိုင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင်အောင်သန်းမှ ကျေးရွာသန့်ရှင်းသာယာလှပရေးနှင့် ပလတ်စတစ် အမှိုက်ဆိုးကျိုးများကိုလည်းကောင်း၊ ငမို့လေးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဟန်ငွေက အများအကျိုး၊ သူတစ်ပါးအကျိုး ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ပညာရေးကဏ္ဍနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ငမို့လေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပေါက်မြို့နယ် “ပညာ့ဥယျာဉ်ပရဟိတလူမှု ကူညီရေးအသင်း”မှ အသင်းသူ အသင်းသားများနှင့် ကျေးလက်နေပြည်သူများ စုပေါင်း၍ အဖွဲ့ ၅ ဖွဲ့ ဖွဲ့ကာ ကျေးရွာအတွင်း လမ်းတိုင်းရှိ ပလတ်စတစ်အမှိုက်များနှင့် ပေါင်းမြက်များကို ကောက်ယူရှင်းလင်းခဲ့ကြပြီး ယင်းအမှိုက်များကို အခြေခံပညာ မူလတန်းလွန်ကျောင်းဝင်းအတွင်းရှိ အမှိုက်ကျင်းထဲသို့ စနစ်တကျ စွန့်ပစ်မီးရှို့ခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ်(ပြန်/ဆက်)