ပေါက် ၁၈ မတ်

 

ပေါက်မြို့နယ် သရက္ကန်အုပ်စု ရေခါးကျေးရွာအနီးရှိ တရားမဝင် ရေနံလုပ်ငန်းခွင်အတွင်း မတ် ၁၇ ရက် ည ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

ဖြစ်စဉ်မှာ ရေခါးကျေးရွာအနီး ယာမြေပေါ်တွင် တရားမဝင် ရေနံတူးဖော်နေသော ပေါင်းတည်ကျေးရွာနေ ဦးအောင်ထက်မင်း ပိုင်ဆိုင်သည့် ရေနံတွင်းတွင် အလုပ်လုပ်ကိုင်သူ ဦးလှတိုး (ပေါင်းတည် ကျေးရွာနေသူ)မှ ရေနံလျှံကျင်းမှ ရေနံများအား သိုလှောင်ကန်အတွင်းသို့ သံပိုက်များအသုံးပြု၍ ကူးပြောင်းစဉ် သံပိုက်ချင်းထိခတ်၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။ 

 

မီးလောင်မှုကြောင့် ရေနံစိမ်းဂါလန် ငါးရာခန့်နှင့် ဦးလှတိုး (၃၅)နှစ်၊ ဦးဇော်မိုး (၃၀)နှစ်၊ ဦးမိုးဇော် (၃၅)နှစ်တို့ မီးလောင်သေဆုံးခဲ့ပြီး၊ ဦးသိန်းထွန်း(မစိုးရိမ်ရ)၊ မောင်ချမ်း (မစိုးရိမ်ရ)၊ ဖိုးလှိုင် (မစိုးရိမ်ရ)၊ တင်မောင်(စိုးရိမ်ရ)၊ ဝင်းမင်းဦး (စိုးရိမ်ရ)ဖြင့် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ပေါက်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရေခါး၊ လယ်အို၊ လက်ပံတိုကျေး ရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ရေယာဉ်များက မီးငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်မြို့နယ် ရေပြာရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဉာဏ်တိုး(ပြန်/ဆက်)

 

image-0-