ပေါက် ၄ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် သနပ္ပင်ဇင်းကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ၊ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာလျှပ်စစ်မီးရရှိရေး၊ ကျေးရွာမီးလင်းရေး ကော်မတီတို့၏ အစီအမံဖြင့် ကျေးရွာ(၂၄)နာရီ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ သနပ္ပင်ဇင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ခဲ့ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းတို့က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ကျေးရွာ လျှပ်စစ်မီးရရှိခြင်းဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်လေးများ လူနေမှုဘဝ မြင့်မားလာစေမှာ ဖြစ်သလို ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ခြင်း၊ နေထိုင်ချက်ပြုတ်စားသောက်ရာတွင် ထင်းအစား လျှပ်စစ်ဓာတ်အားမှ ရရှိသောမီးဖြင့် ချက်ပြုတ်နိုင်မှာဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ သစ်တောသစ်ပင် ထိခိုက်ပျက်စီးမှုများကို ကာကွယ်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနန်းဦးက လျှပ်စစ်မီးသုံးစွဲရာတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာသုံးစွဲနိုင်ရေးနှင့် မြို့နယ်အတွင်း ကျန်ရှိနေသောကျေးရွာများလည်း လျှပ်စစ်မီးလင်း နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကာ သနပ္ပဇင်းကျေးရွာ မီးလင်းရေးအတွက် ဘဏ္ဍာရေးမှူး ဦးစိန်သိန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

 

ဉာဏ်တိုး(ပေါက်)