ပေါက် အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာမှ ငွေချည် (၉)ဝါစိုက် တောင်သူများအနေဖြင့် ယခုနှစ်မိုးဦးကာလတွင် မိုးဝေသမှန်ကန်ပြီး စိုက်ပျိုးရေလုံလောက်စွာရရှိ၍ စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျှက်ရှိကြောင်း သိရသည်။

ဝါစိုက်ပျိုးရန်အတွက် ပထမဦးစွာ မိမိတို့၏ ယာမြေများကို ထယ်ရေးညက်ညက်ထွန်ယက်ကာ အောက်ခံမြေသြဇာများ ထည့်သွင်းနှပ်ထားပြီး နှစ်ရက်ခန့်အကြာတွင် ပင်ကြားတစ်တောင်၊ တန်းကြား နှစ်တောင်ထား ကြောင်းဆွဲကာ စိုက်ပျိုးကြရသည်။ 

စိုက်ပျိုးပြီးရက်ပေါင်း (၂၀) တွင် ပင်ကြားအလိုက် ပေါင်းသင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး တစ်လပြည့်ချိန် တွင် အားဆေး၊ မှိုဆေး၊ ပိုးသတ်ဆေးများကို ရက်ပေါင်း(၂၀)ခြားတစ်ကြိမ် ပတ်ဖြန်းခြင်းများပြုလုပ်ရသည်။ 

ဝါစိုက်ခင်းများ ပြုပြင်ဆောင်ရွက်ရာတွင် လုပ်အားခအနေဖြင့် ငှားရမ်းလုပ်ကိုင်ဆောင်ရွက်ရာတွင် တစ်ဦးလျှင် နေ့စားခ(၅၀၀၀) ကျပ်နှုန်းဖြင့် ငှားရမ်းလုပ်ကိုင်ဆောင်ရွက်ရကြောင်း၊ မနှစ်က ဝါစျေးမကောင်းသဖြင့် အနည်းငယ်သာ အရှုံးဖြင့်ရင်ဆိုင်ကြရသည်ဖြစ်ရာ ယခုနှစ်မှာတစ်ပိဿာလျှင် (၁၂၀၀)နှုန်းဟု ကြားသိရသည့် အတွက် ဆွတ်ခူးရောင်းချချိန်တွင် အထွက်နှုန်းကောင်းပြီး စျေးကောင်းရရန်မျှော်လင့်နေကြောင်း ယာကြီးပြင် ကျေးရွာနေ ဝါစိုက်တောင်သူများထံမှ သိရသည်။

လက်ရှိဖြစ်ထွန်းအောင်မြင်လျက်ရှိသော ငွေချည်(၉)ဝါစိုက်ခင်းများကို အောက်တိုဘာလကုန်ပိုင်းတွင် စတင် ကောက်ယူရမည့်  အနေအထားဖြစ်ရာ  ဝါစျေးနှုန်းများ ကောင်းမွန်စေရေး မျှော်လင့်နေရကြောင်း သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)