ပေါက် အောက်တိုဘာ ၁၁
ပေါက်မြို့နယ်အတွင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာလ ဒုတိယအပတ်အတွင်း စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကာကွယ်ဆေးအား မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းအပ်နှံထားသူများ၊ ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများတွင် ကျောင်းအပ်နှံထားသူများနှင့် ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများမှ အသက်(၁၂)နှစ်ပြည့်ပြီး အသက်(၁၈)နှစ်မကျော်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) အား ပထမအကြိမ်အဖြစ် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်မှ နိုဝင်ဘာလ ပထမပတ်အတွင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ ဒုတိယအပတ်မှ ဒီဇင်ဘာလ ပထမအပတ်အတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်မြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အခြေခံပညာ ကျောင်းများတွင် ကာကွယ်ဆေး ထိုးနှံမည့် စုရပ် (၃)ခုဖြင့် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံမည့် ကျောင်းသား ကျောင်းသူများသည် မိဘအုပ်ထိန်းသူနှင့်အတူ ကျောင်းသား၏ နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) မွေးသက္ကရာဇ် အမှန်သိရှိနိုင်ရေး သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်များ ယူဆောင်လာရမည်ဖြစ်ကြောင်း အသက် (၁၂)နှစ်မပြည့်သေးသူနှင့် အသက်(၁၈)နှစ်ကျော်သည့် ကျောင်းသား/သူများနှင့် လတ်တလော ဖျားနာနေသည့် ကျောင်းသားကျောင်းသူများအား ဆေးထိုးနှံပေးမည်မဟုတ်ကြောင်းလည်း သိရသည်။
ဥမ္မာကျော်(ပြန်/ဆက်)