ပေါက် ၁၁ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (WSAP) ရန်ပုံငွေဖြင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာ၌ စိုက်ပျိုးမြေဧက ၆၀၀ ကျော်အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လမှ စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့ (IFAD) တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(WSAP) ခွင့်ပြုရန်ပုံငွေ ကျပ် ၈၁ ဒသမ ၀၆ သန်းဖြင့် ပေါက်မြို့နယ်အတွင်းရှိ ထန်းတောကုန်းကျေးရွာ ကုန်ထုတ်လမ်း အရှည် ၂ ဒသမ ၃၅ ဖာလုံ၊ ငမို့ကြီးကျေးရွာ ကုန်ထုတ်လမ်း အရှည် ၄ ဒသမ ၆၅ ဖာလုံ၊ ငမို့လေးကျေးရွာ ကုန်ထုတ်လမ်း အရှည် ၄ ဒသမ ၄၆ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ တစ်ပေခြောက်လက်မထု၊ မြေနီကျောက်စရစ်ကိုးလက်မထုခင်းခြင်းနှင့် မြေထိန်းနံရံ ၁၀၅၀ ပေတည်ဆောက်ခြင်း၊ အရှည် ၃၀ ပေ၊ အကျယ် ၁၈ ပေရှိ ရေကျော်တစ်စင်း တည်ဆောက်ခြင်း၊ Salb Culvert၊ Box Culvert (၁၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် ငွေကြာရံကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်က ပြောပြ၍ သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးအောင်ကြီးနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ထန်းတောကုန်း ကျေးရွာ၊ ငမို့ကြီးကျေးရွာနှင့် ငမို့လေးကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားသည်။
အဆိုပါ ထန်းတောကုန်းကျေးရွာ၊ ငမို့ကြီးကျေးရွာနှင့် ငမို့လေးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နိုင်မှုကြောင့် အကျိုးပြု ကျေးရွာလေးရွာ၊ အိမ်ခြေ(၁၃၈၄)၊ လူဦးရေ (၆၄၂၆)ဦးတို့၏ စိုက်ပျိုးမြေဧက ၆၄၇ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါစိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထုတ်ကုန်၊ ထွက်ကုန်တွေကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင် နိုင်တော့မှာဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


