ပေါက်၊   ၃၁ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့တွင်  မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရေမြောင်းတူးဖော်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက်အတွင်းရှိ လမ်းသွယ်(၃)လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့်  ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက်အတွင်းရှိ မင်းမဟာလမ်း၊ ရန်ကြီးအောင်လမ်းအပိုင်း(၂)နှင့် အမကအမှတ်(၃) အရှေ့ဘက်လမ်းများ၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ပထမပတ်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ  ယခုရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၇၆ သိန်းဖြင့်   ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက်အတွင်းရှိ မင်းမဟာလမ်း အရှည် ၃၁၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်း၊ ရန်ကြီးအောင်လမ်းအပိုင်း(၂)အား ခွင့်ပြုငွေကျပ်သိန်း ၇၀ ဖြင့် လမ်းအရှည်ပေ  ၂၉၀၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းနှင့် အမကအမှတ်(၃) အရှေ့ဘက်လမ်းအား ခွင့်ပြုငွေကျပ်သိန်း ၅၀ ဖြင့် လမ်းအရှည်ပေ  ၂၀၀၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ရပ်ကွက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ရာသီမရွေး အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဉာဏ်တိုး(ပေါက်)