ပေါက် ၅ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ဇန်နဝါရီ ၁ ရက် ညနေပိုင်းကနေ ဇန်နဝါရီ ၅ ရက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ယောချောင်းဘေးတစ်လျှောက် ဆောင်းရာသီ ကြက်သွန်စိုက်တောင်သူများ၏ စိုက်ခင်းအတွင်း ရေများဝင်ရောက်ကာ နစ်မြုပ်မျောပါ ပျက်စီးကြကြောင်း သိရသည်။
ပေါက်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ပေါင်း(၇၅)အုပ်စုနှင့် ကျေးရွာပေါင်း (၂၃၅)ရွာရှိရာ ကျေးရွာအုပ်စုများစုက ဆောင်းရာသီစိုက်ပျိုးရေးအတွက် ကြက်သွန်ကို အဆိုပါချောင်းမကြီးဘေးတစ်လျှောက်၌ အဓိထားစိုက်ပျိုးလျက်ရှိသည်။ ကြက်သွန်စိုက်ပျိုးရန်အတွက် မြေပြင်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာလဆန်းပိုင်းတွင် လယ်ထွန်စက်ကြီးများဖြင့် အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်ကြပြီး မြေသြဇာများထည့်၍ ဒီဇင်ဘာ နောက်ဆုံးပတ်မှ ယနေ့အချိန်ထိ ဖြိုင်ဖြိုင်စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် စိုက်ပြီးကြက်သွန်ခင်းအများစုသည် ယောချောင်းရေများ ဖုန်းလွှမ်းခြင်းခံရပြီး ယခုနှစ် ဆောင်းရာသီ ကြက်သွန်စိုက် တောင်သူများ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
ယခုနှစ် ပေါက်မြို့နယ်၌ ယောချောင်းကြက်သွန်စိုက်ဧက စုစုပေါင်း(၁၁၄၆)ဧက စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရှိရပြီး ကြက်သွန်စိုက်ပျိုးစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ်(၁၅)သိန်းဝန်းကျင်ခန့် ကုန်ကျလျက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရှိရသည်။ လက်ရှိအခြေနေအရ ကြက်သွန်စိုက်ခင်း အများစုသည် ရေနစ်မြုပ်မျောပါ ပျက်စီးခဲ့ရပြီး ရေပြန်လျော့နည်းသွားချိန်တွင် တောင်သူအများစုမှာ စိုက်ပျိုးစရိတ် မတတ်နိုင်၍ ပြန်လည်စိုက်ပျိုးနိုင်တော့မည် မဟုတ်ကြောင်း ကြက်သွန်စိုက်ပျိုးတောင်သူများထံမှ ကြားသိရသည်။ ထိုသို့ ပျက်စီးဆုံးရှုံးသွားသော ကြက်သွန်စိုက်ဧကများကို သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများက တောင်သူတစ်ဦးချင်း၏ အမည်စာရင်းနှင့် စိုက်ဧကများကို ကွင်းဆင်းကောက်ယူနေကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်) (ပြန်/ဆက်)