ပခုက္ကူ၊ ၂ ဖေဖော်ဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရေပြာအုပ်စု၊ ရွာသာအေးကျေးရွာရှိ ကျေးလက်နေပြည်သူများ နွေရာသီကာလ ရေရှာပါးမှုမရှိဘဲ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနိုင်စေရေးအတွက် ရေဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ပေးလျက်ရှိပြီး ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။

 

အဆိုပါလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေကျပ် ၇ သန်းဖြင့် အမြင့်ပေ ၂၀၊ ရေဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းအား စံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားမှု ရှိ/မရှိ အခြေအနေတို့ကို ပခုက္ကူခရိုင် ဦးစီးမှူး ဦးတင့်ဝေ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်း(နည်းပညာ)၊ ပေါက်မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးကြပြီး နည်းပညာဆိုင်ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက ရွာသာအေးကျေးရွာရှိ၊ အိမ်ခြေ(၆၉)အိမ်၊ လူဦးရေ (၂၉၄)ဦးတို့အတွက် နွေရာသီကာလ ရေရှားပါးမှုမရှိဘဲ သန့်ရှင်းသောသောက်သုံးရေကို ဖူလုံစွာ ရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)