၂၈ သြဂုတ်

ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်လေကြောင်းလိုင်း လေယာဉ်တစ်စီး မီးခိုးထွက်သဖြင့် ခရီးသည်များ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ကြကြောင်း သိရသည်။

တိုကျို ဟာနီဒါ လေဆိပ် သို့ ဦးတည်ပျံသန်းနိုင်ရန် ခရီးသည်များ နေရာချထားနေစဉ် လေယာဉ်ကုန်တင်ခန်းမှ မီးခိုးစတင်ထွက်ခဲ့ခြင်းဖြစ်သည်။ 

တရုတ် ဆိုရှယ် မီဒီယာ ပလက်ဖောင်း ဝီဘို ဗွီဒီယိုတွင် ထိုလေယာဉ် အရှေ့ နှင့် အနောက်မှ မီးခိုးဖြူများ ထွက်လာပုံကို  ပြသထားသည်။

အဆိုပါ လေယာဉ် ကိုယ်ထည်အစိတ်အပိုင်းမှာ လောင်ကျွမ်းခဲ့ပြီး ပုံပျက်သွားခဲ့သည်။

အသက်၄၀ နှစ်အရွယ် ဂျပန်လူမျိုး အမျိုးသားတစ်ဦးက  နောက်ဘက်ထိုင်ခုံတွင် ထိုင်နေခဲ့ပြီး အရှေ့ဘက်ခြမ်းရှိ လူများ၏ အော်ဟစ်သံကို ကြားခဲ့ရပြီး မီးခိုးများကို မြင်ခဲ့ရသည်ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းခရီးသည်များသည် ပေကျင်းတွင် တစ်ညတာနေထိုင်ခဲ့ရပြီး ဟာနီဒါ လေဆိပ်သို့ ယနေ့ ပျံသန်းထွက်ခွာမည်ဖြစ်သည်။ ၎င်းဖြစ်ရပ်ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း တရုတ်လေကြောင်းလိုင်းက ဆိုသည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို