အဘူဒါဘီ ဇန်နဝါရီ ၂၆
တရုတ်နိုင်ငံ ပေကျင်းမြို့မှ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တို့ကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း၊ ယင်းမှာ တရုတ်လေကြောင်းလိုင်းတစ်ခုမှ မြို့တော် နှစ်ခုအကြား ပထမဆုံးအကြိမ် တိုက်ရိုက်ချိတ်ဆက်မှုဖြစ်လာကြောင်း သိရသည်။
ခရီးသည် ၂၇၈ ဦး လိုက်ပါပြီး တရုတ်လေကြောင်းလိုင်းက တာဝန်ယူပျံသန်းသည့် ပထမဆုံးလေယာဉ်မှာ အဘူဒါဘီမြို့ရှိ ဆေယက်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်နဝါရီ ၂၄ ရက် နှောင်းပိုင်းတွင် ဆိုက်ရောက်လာကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်ကို ဘိုးအင်း ၇၈၇ အမျိုးအစားလေယာဉ်ဖြင့် သီတင်းတစ်ပတ်လျှင် အသွားအပြန် လေးကြိမ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ယင်းမှာ ၂၀၂၆ ခုနှစ်တွင် စတင်လိုက်သည့် တရုတ်လေကြောင်းလိုင်း၏ ပထမဆုံး နိုင်ငံတကာဝန်ဆောင်မှုဖြစ်ကြောင်းလည်း သိရသည်။
လေကြောင်းလိုင်းအနေဖြင့် ခရီးသည်များအတွက် ဘေးကင်းလုံခြုံပြီး သက်သောင့်သက်သာရှိကာ နှစ်လိုဖွယ်ကောင်းသော ခရီးသွားအတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်ရန် စေ့စပ်သေချာစွာ ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း တရုတ်လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆင်ဟွာ


