ပေါက်တော  ဇူလိုင်  ၂၅

 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ မြိုနယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးတွင် အထောက်အကူပြုစေရန် Oxygen Plant ဖြစ်မြောက်ရေးကော်မတီမှ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်မည့်မြေနေရာအား မြေသန့်မင်္ဂလာပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်မည့်မြေနေရာအား မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ပေါက်တောမြို့နယ်၊ မနော်သီရိဆရာတော်နှင့် သံဃာတော်အရှင်သူမြတ် (၁၈)ပါးတို့က အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြသည်။

 

အဆိုပါ အောက်ဆီဂျင်စက်ရုံ၏ အကျယ်အဝန်းမှာ အလျား (၅၅)ပေ၊ အနံ (၂၀)ပေ၊ အမြင့် (၁၄)ပေဖြင့် တည်ဆောက်သွား မည်ဖြစ်ပြီး၊ စက်ရုံတည်ဆောက်ပြီးစီးပါက တစ်နေ့လျှင် အောက်ဆီဂျင် (၄၀)လီတာအိုး အလုံး(၆၀)မှ (၉၀) အထိ ထုတ်လုပ်နိုင် မည်ဖြစ်ကာ အရေးပေါ်လူနာများအတွက် လိုအပ်သောအောက်ဆီဂျင်ကို အချိန်မီပေးနိုင်ရေးနှင့် အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေးအတွက် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အောက်ဆီဂျင်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

 

ပေါက်တောမြို့နယ် အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီကို အဖွဲ့ဝင် (၂၅)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြပြီး ပြည်သူများနှင့် စေတနာရှင်များ၏ စုစုပေါင်းလှူဒါန်းငွေမှာ ဇူလိုင် ၂၄ ရက်နေ့အထိ ငွေကျပ် သိန်းပေါင်း ၇၀၀ ကျော်ရရှိပြီဖြစ်သည်။ စက်နှင့် အဆောက်အအုံအပါအဝင် ကုန်ကျငွေကျပ် သိန်းပေါင်း (၁၀၀၀) ကျော်ခန့် ကုန်ကျမည်ဖြစ်ပြီး လောကထိပ်ပန်ဘုရားကြီးအောက် မြေကွက်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)