ပေါင် ၁၃ ဇွန်
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့၊ ပေါင်းရပ်ကွက်လမ်းမတန်းရှိ ပေါင်မြို့နယ် ဥပဒေအရာရှိ ဦးကျော်စိုးအောင် နေအိမ်တွင် ဇွန်လ ၁၂ ရက် မနက်ပိုင်းက ဖောက်ထွင်းခံခဲ့ရပြီး ဆိုင်ကယ်တစ်စီး ခိုးယူခံလိုက်ရကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက်နေ့ ည ၁၁ နာရီအချိန်က ဦးကျော်စိုးအောင်မှာ အပြင်မှပြန်လာပြီး ဆိုင်ကယ်ကို နေအိမ်ထဲသွင်းကာ ခြံဝင်းတံခါးအား သံကြိုးဖြင့် သော့ပိတ်ထားပြီးနောက် နေအိမ်တံခါးမအား သော့ပိတ်ခဲ့ကြောင်း၊ နောက်တစ်နေ့ မနက် ၅ နာရီအချိန်ခန့်တွင် နေအိမ်ထဲထည့်ထားသောဆိုင်ကယ်အား မတွေ့ရှိတော့ဘဲ နေအိမ်တံခါးမှ သော့ဖျက်ဖွင့်ထားပြီး ခြံဝင်းတံခါးရှိ သံကြိုးမှာလည်း ဖျက်ထားခံရ၍ တံခါးပွင့်နေကြောင်း၊ သို့ပါ၍ နေအိမ်အတွင်းရပ်ထားသောဆိုင်ကယ်အား ခိုးယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ပေါင်မြို့မရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ပေါင်မြို့မ ရဲစခန်းမှ ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်မျိုးသူ