ပေါင် ဒီဇင်ဘာ ၂၈
ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ပေါင်မြို့နယ် ကတိုက်ရေလှောင်တမံဆည်မှ အချိန်မီ ပြည့်ဝစွာ ရေဖြန့်ဝေ ပေးထားသည့်အတွက် နွေစပါးစိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
ယခုလို နွေစပါးစိုက်ဧကများအတွက် ဆည်ရေရရှိလာသည်နှင့် တစ်ပြိုင်နက် လုပ်ငန်းခွင် စတင်လည်ပတ်နိုင် သောကြောင့် ရာသီဥတု ဘေးအန္တရာယ်ကို စိုးရိမ်စရာမလိုဘဲ မြန်မြန်ဆန်ဆန်ဖြင့် နွေစပါးရိတ်သိမ်းနိုင်ကြောင်း ပေါင်မြို့နယ်မှ နွေစပါးစိုက် တောင်သူတစ်ဦးက ပြောပြသည်။
နွေစပါးစိုက်ပျိုးမည့်တောင်သူများ ရေအပြည့်အဝရရှိကာ စိုက်ပျိုးနိုင်ရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပေါင်မြို့နယ် ကတိုက်ဆည်ရေမှ ယခုနှစ် နွေစပါးစိုက်ဧက ၁၅၀၀၀ ကျော်အား ဒီဇင်ဘာ ၁ ရက်မှ စတင် ရေဖြန့်ဝေပေးခဲ့ကြောင်း တည်ဆောက်ရေး (၆) သထုံမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
နွေစပါးစိုက်ပျိုးရာတွင် ရေညီညွတ်မျှတစွာ ရရှိရေးနှင့် ကြုံတွေ့လာမည့် အခက်အခဲ လိုအပ်ချက်များ စုပေါင်း ဖြေရှင်းနိုင်ရေးအတွက် ရေအသုံးချသူများအဖွဲ့ (WUG) ကို တောင်သူများဖြင့် ယမန်နှစ်မှ စတင်ဖွဲ့စည်းထားပြီး ၎င်းတို့ အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ သတင်းဖလှယ်ခြင်း၊ ပူးပေါင်းဖြေရှင်းမှုများ ဆောင်ရွက်ခဲ့သည့်အတွက် တစ်နှစ်ထက်တစ်နှစ် ဆည်ရေပေးဝေမှု ပိုမို အဆင်ပြေလာကြောင်း သိရသည်။
ကတိုက်ရေလှောင်တမံသည် ရေလှောင်ပမာဏ ဧကပေ ၅၅၀၀၀ ကျော်ရှိပြီး အသုံးပြုနိုင်သည့် ရေပမာဏ ဧကပေ ၅၄၀၀၀ ကျော်ရှိရာ မူလတည်ဆောက်စဉ် ဧက ၁၀၀၀၀ ကို နွေစပါးစိုက်ပျိုးရန် ရည်ရွယ်ထားသော်လည်း နွေစပါးသီးနှံ ဖြစ်ထွန်းမှုနှင့် နှစ်စဉ် နွေစပါးဧရိယာ တိုးချဲ့စိုက်ပျိုးလာသောကြောင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ စိုက်ဧက ၁၅၀၀၀ ကျော်အတွက် ရေပြည့်ဝစွာ ဖြန့်ဖြူးပေးဝေခဲ့ကြောင်း တည်ဆောက်ရေး (၆) သထုံမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပေါင်(ပြန်/ဆက်)


