ပေါင် ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ကတိုက်ရေလှောင်တမံမှ ဆည်ရေဖြင့် နွေစပါးများအောင်မြင်ဖြစ်ထွန်းနေကြောင်း သထုံခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၆)မှ သိရသည်။
ကတိုက်ရေလှောင်တမံမှ ဆည်ရေဖြင့် နွေသီးထပ် နွေစပါးစိုက်ပျိုးရာတွင် မိုးစပါးထက် အထွက်နှုန်းပိုမိုကောင်းမွန်ခြင်းကြောင့် တောင်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိသည်။ ကတိုက် ဆည်ရေသောက်၏ စိစစ်ပြီး ဧရိယာမှာ ဧက ၁၀၀၀၀ ဖြစ်သော်လည်း တိုးချဲ့စိုက်ပျိုးလာသည့် စိုက်ဧကများအပေါ် ရေလုံလောက်စွာပေးဝေနိုင်ရန် ဆည်ရေစတင်မပေးဝေမီ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ မိတ်ဖက်ဌာနများနှင့် ရေအသုံးချသူများအဖွဲ့(WUG)များ ပူးပေါင်း၍ ကြိုတင်ညှိနှိုင်းစည်းဝေးပွဲများပြုလုပ်ပြီး ညှိနှိုင်းဆုံးဖြတ်ကာ စိုက်ပျိုးရေပေးဝေလျက်ရှိသည်။
ရေအသုံးချသူများအဖွဲ့(WUG)၏ ပူးပေါင်းပါဝင်မှုကြောင့် စိုက်ပျိုးရေပေးဝေရာတွင် ရေဆုံးရှုံးမှုလျော့နည်းပြီး အဆင်ပြေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများ နွေစပါးဆောလျင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးရာသီ စိုက်ပျိုးရေပေးဝေခြင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ စတင်ပေးဝေခဲ့ကြောင်း၊ ကတိုက်ဆည်ရေသောက် စနစ်အတွင်း နွေစပါးလျာထားဧက ၁၆၅၀၀ စိုက်ပျိုးရန် လျာထားခဲ့ရာ ၁၆၉၈၅ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


