ပေါင်  ၂၁   ဇွန် 


မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံဟော်ကျေးရွာ တည်ဆောက်ထားသော ရင်းငြိမ်ရေထိန်းတံခါး၏အပြင်ဘက်တွင် နုံးအနည်အနှစ်များ ပိတ်ဆို့နေမှုကြောင့် ယခုနှစ်မိုးစပါးစိုက်ပျိုးချိန်တွင် ကျေးရွာ ၁၁ ရွာမှ မိုးစပါးစိုက်ဧကသုံးသောင်းကျော် ရေနစ်မြုပ်မှုဒဏ်ကို ခံစားနေရကြောင်း တောင်သူများထံမှ သိရသည်။

 

1

 


လွန်ခဲ့သည့် သုံးနှစ်က စတင်ကာ နွေစပါးစိုက်ပျိုးချိန်တွင် ရေလုံလောက်မှုရရှိစေရန် ရင်းငြိမ်ရေထိန်းတံခါး ပိတ်ချထားပြီး ရေတံခါးအပြင်ဘက်ရှိ နုံးအနည်အနှစ်များ ဆည်ရေလွှတ်ကာ ရေကြောင်းဖော်ထားမှု မရှိခြင်း၊ ပင်လယ်အဝမှ ရင်းငြိမ်ရေထိန်းတံခါးအထိ နုန်းအနည်အနှစ် ပိတ်ဆို့နေမှုတို့ကြောင့် မိုးစပါးစိုက်ပျိုးချိန်တွင် ရေကြီးနစ်မြုပ်မှုဒဏ် ခံစားနေရသည်မှာ သုံးနှစ်ရှိနေပြီးဖြစ်ကြောင်း ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာမှ တောင်သူ ဦးလွင်အေးက ပြောသည်။


“ကျွန်တော်တို့ နွေစပါးကို စပြီးစိုက်ပျိုးတာဆိုရင် ဒီနှစ်အထိဆိုရင် ၁၂ နှစ်ရှိနေပါပြီ၊ အဲဒီ ၁၂ နှစ်မှာ လွန်ခဲ့တဲ့ ၉ နှစ်တုန်းက ရေမကြီးဘူး၊ အခုသုံးနှစ်မှာ ရေကြီးတယ်။ဒီရင်းငြိမ်ချောင်းမကြီးကနေ ဆည်ကလွှတ်လိုက်တဲ့ ရေတွေကဆိုရင် ခုဏက ကျွန်တော်ပြောတဲ့ ရေထိန်းတံခါးကို ရောက်တယ်။ရေထိန်းတံခါးရဲ့အပြင်ဘက်မှာ ပင်လယ်ရေ အတက်အကျ ရှိပါတယ်။ ပင်လယ်ရေက တစ်နွေလုံးတက်လာတဲ့အခါမှာ နုန်းအနှစ်တွေပါလာတယ်၊ ပါလာတဲ့ နုန်းအနှစ်တွေက ရေကျသွားတဲ့အခါ မှာ နုန်း အနှစ်တွေက ကျန်ခဲ့တယ်။ တစ်နွေလုံး တက်တဲ့အတွက် ဒီရေထိန်းတံခါးရဲ့အပြင်ဘက်မှာ နုန်းတွေ ပြည့်လျှံနေတယ်။ ပြည့်လျှံနေတဲ့ နုန်းအနှစ်တွေ ဒီသုံးနှစ်အတွင်းမှာ ပိတ်ဆို့သွားတယ်။ ခါတိုင်းရေမကြီးတာကတော့ ဒီနုန်းအနှစ်တွေကို နှစ်စဉ် ပိုလျှံရေတွေနဲ့ ထိုးချပေးတယ်။ ဒီသုံးနှစ်အတွင်းမှာ ပြည်နယ်အစိုးရအဖွဲ့က နွေစပါးစိုက်ဧက တိုးချဲ့သတ်မှတ်လိုက်တဲ့ နေရာမှာ ရေမလုံလောက်မှာဆိုးလို့ ဆည်မြောင်းက ဒီနေရာကို ရေမထိုးတော့ဘူး။ မထိုးတဲ့အတွက် ဒီမိုးရာသီ မိုးဦးကာလမှာ ရေကြီးနစ်မြုပ်တယ်။ မိုးမရွာခင်က ဒီချောင်းမြောင်းမှာက ရေတွေကပြည့်လျှံနေတယ်။ ခုလိုရွာလိုက်တဲ့ အခါကျတော့ ပင်လယ်ထဲကို ထွက်ပေါက်မရှိတော့တဲ့ အခါမှာ ရေကြီးနစ်မြုပ်ဒဏ်ကို ခံနေရတာ ဒီနှစ်နဲ့ပါဆို သုံးနှစ်ရှိနေပါပြီ။” ဟု ၎င်းက ပြောသည်။


ဆည်မြောင်းဌာနမှ ရေကြီးနစ်မြုပ်မှုဒဏ် ကာကွယ်နိုင်ရန်အတွက် ရင်းငြိမ်ရေထိန်းတံခါးအပြင်ဘက်ရှိ နုန်းအနယ် အနှစ်များအား ဖယ်ရှားရှင်းလင်းပေးသော်လည်း ထိရောက်မှုအားနည်းသည့်အတွက် လွန်ခဲ့သော ၉ နှစ်ကအတိုင်း နွေစပါးဆည်ရေပေးမှုအား သတ်မှတ်အတိုင်းပေးပြီး ကတိုက်ဆည်ရေမှ ပိုလျှံရေဖြင့် ရေထိန်းတံခါးမှ ပင်လယ်ပေါက်အထိ ပိတ်ဆို့နေသော နုန်းအနှစ်များအား ထိုးချပေးစေလိုကြောင်း ၎င်းကဆက်လက်ပြောသည်။


“ကျွန်တော်တို့ တကယ်တူးရမှာက ပေ ၄၀ဝ၀ ကျော်လောက်ပဲရှိတယ်။ ရေမထွက်တဲ့အခါကျတော့ ကျွန်တော်တို့ အခု ၂ မိုင်ခွဲလောက်တူးလိုက်ရပါတယ်။ပင်လယ်ထွက်ပေါက်အထိက ၇ မိုင်လောက်ရှိတော့ ကျွန်တော်တို့ အကုန်လုံးမတူး ပေးနိုင်ဘူး။ ဘက်ဂျက်ငွေ မလုံလောက်ဘူးပေါ့နော်။ရေထွက်အားနည်းတယ်။မနှစ်ကလိုပဲ ဒီနှစ်လည်းရေကြီးတယ်။ပင်လယ် ကြမ်းပြင်ကလည်း ဝေးဝေးလာပြီးတော့ နုန်းတက်တာကလည်း များများလာတယ်။လာမယ့်နှစ်တွေဆို ပိုဆိုးဖို့ပဲ ရှိမယ်၊ တစ်နှစ်ထက်တစ်နှစ်ကို၊ ကျွန်တော်တို့က လယ်သမားတွေကို အကြံပေး ချင်တာက ခါတိုင်းလိုပဲ အလယ်မှာ ရေထွက်ပေါက်၊ ရေကြောင်းပေးပြီးတော့မှ နွေစပါးကို နည်းနည်းလျှော့စိုက်ပြီးတော့၊ စက်နဲ့လည်းတူးစရာမလိုတော့ဘူး၊ သူ့သဘာဝ အတိုင်းပဲ။နွေစပါးကို ရေပိုပေးရတော့ ရေတံခါးကို အလုံပိတ်ပေးရထားပေါ့။ရေလုံးဝအထွက်မခံဘူး။လွန်ခဲ့တဲ့ ၃ နှစ်အရှေ့ ပိုင်းကကျတော့ နွေစပါးလည်း အခုလောက်ထိ မစိုက်ကြသေးဘူး။အလယ် တံခါးကနေ ရေစီးကြောင်းပေးထားတဲ့အတွက် အဲဒီပြဿာနာတွေ မရှိဘူးပေါ့။နွေစပါးစိုက်ဖို့ ရေပေးနိုင်တာက ဧက (၁၀ဝ၀ဝ) လောက်ပဲ ပေးနိုင်တယ်လေ။ အခုကျွန်တော် တို့ နွေစပါးစိုက်နေတာက ၂ သောင်းကျော်လောက်စိုက်တော့၊ ဒီဟာကို အလုံပိတ်ပေးရတာပေါ့။”ဟု ပေါင်မြို့နယ် ရင်းငြိမ်ရေထိန်းတံခါးမှ ဦးစီးအရာရှိ ဦးဇော်မိုးဝင်း ( မြို့ပြ )က ပြောသည်။


ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ခင်းကြဲခင်းများ ပျက်ဆီးခြင်း၊ စိုက်ခင်းများတွင် ကြဲထားသော ဓါတ်မြေသြဇာများနှင့် ရွှေခရုသတ်ဆေးမျောပါခြင်း၊ ရေတော်မိုးတော်အချိန်မီမစိုက်ပျိုးနိုင်သည့်အတွက် စပါးအထွက်နှုန်းကျဆင်းခြင်း၊ ခရုများ၏ ဘေးအန္တရာယ်နှင့် ဆစ်ပိုးကျရောက်မည့် အန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာနိုင်ကြောင်း တောင်သူများထံမှ သိရသည်။


ရင်းငြိမ်ရေထိန်းတံခါးမှ ပင်လယ်ထွက်ပေါက်အထိ ပိတ်ဆို့နေသော နုံန်းအနည်အနှစ်များမှာ အရှည်အားဖြင့် ၇ မိုင်ခန့် ရှိပြီး ပင်လယ်ကြမ်းပြင်မှ အပေါ်ထိ ၁၆ ပေခန့်ရှိကြောင်း သိရသည်။


 ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ပြီးခဲ့သည့်လ ၂၄ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ ရေနစ်မြုပ်မှုဒဏ်ကို ခံစားနေရကာ ရေကြီးနစ်မြုပ်မှုကြောင့် ရင်းငြိမ်မြောက်၊ ရင်းငြိမ်တောင်၊ ရွာတန်းရှည်၊ ဖြူဘ၊ ကတွန်၊ ပန်းကုန်း၊ သဲကုန်း၊ ကျုံဟော်၊ ညောင်ကုန်းကြီး၊ ထန်းလေး၊ မြလေးချောင် ကျေးရွာများမှ လယ်ဧက သုံးသောင်းခန့် ရေနစ်မြုပ်မှုဒဏ်ခံနေရပြီး အဆိုပါရေနစ်မြုပ်မှုခံထားရသော မိုးစပါးကြဲခင်းစိုက်ခင်းဧကသုံးသောင်းအနက်မှ ၉၅ ရာခိုင်နှုန်းခန့်က ပျက်စီးဆုံးရှုံးနိုင် ကြောင်း တောင်သူများက ခန့်မှန်းပြောဆိုကြသည်။


ကိုဟိန်း(ပေါင်)