ပေါင် စက်တင်ဘာ ၁၀

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ပေါင်မြို့နယ် ကျွဲခြံကျေးရွာတွင် ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့ထုတ် စပါးစိုက်ခင်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှု အခြေအနေများ၊ ရေငန် တားတံမန်ဆောင်ရွက်မှုအခြေအနေများနှင့် ဒီရေတောစိုက်ထားမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြောင်း သိရသည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ တောင်သူများက ၎င်းတို့၏လိုအပ်ချက်များကို တင်ပြဆွေးနွေးမှုကို ပြည်နယ်ဝန်ကြီးချုပ်က ဒေသနှင့် ကိုက်ညီသည့် မျိုးစပါးဖြန့်ဖြူးပေးနိုင်ရေး၊ ရေငန်ဒဏ်ခံနိုင်သည့် မျိုးစပါးများ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးရေး လမ်းညွှန်မှာကြားသည်။

ယင်းနောက် အဟောက်ကျေးရွာတွင် ကျေးလက်လမ်းခင်းနေမှု အခြေအနေများကို ကျေးလက်လမ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ပေါင်မြို့နယ် အလှပ်ကျေးရွာအုပ်စုတွင် ရေငန်တားတမံပတ်လမ်းကာရံခြင်း၊ ကာကွယ်ခြင်းလုပ်ငန်းများ၊ ကျောက်စီခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းတင်ပြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ပြည်သူများအန္တရာယ်ကင်းစေရေး အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရေးကို တင်ပြဆွေးနွေးသည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက အလှပ်ကျေးရွာ သာယာကုန်းကျောင်းတိုက် ဆရာတော် ဘန္ဒန္တကဝိန္ဒအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဇီးကုန်းကျေးရွာရှိ ဧက ၁၀၀ ဒီရေတောစိုက်ခင်း စိုက်ပျိုးထားရှိမှု အခြေအနေများကို သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံ ပြည်သူများ၏ တင်ပြတောင်းဆိုဆွေးနွေးချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး အမြန်ဆုံး အကောင်အထည်ဖော် ကူညီပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)